Monday, November 30, 2009

နင်မချစ်လည်း ငါချစ်တယ်

Monday, November 30, 2009 17
ငါက ငါ့အပြုံးမှာ
မာယာတွေ မဖုံးတတ်ခဲ့ဘူး
မင်းရင်မခုန်ခဲ့ဘူး မဟုတ်လား

ငါက မင်းကို
ဘာမှ မကိုးကားဘဲ ရိုးသားစွာ ချစ်တာ
မင်းမခံစားတတ်ခဲ့ဘူး မဟုတ်လား

ငါဘယ်လောက်ငေးငေး
မင်းမျက်ဝန်းတွေ ငါမတွေးတတ်ခဲ့ဘူး
မဝေးချင်ပါဘူး ဆိုတာ
ကလေး ဆန်တာတဲ့လား

တခြားသူရဲ့ ရင်ခွင်မှာ နင့်ကိုကြည့်ရဲလောက်တဲ့
ရင့်ကျက်မှုမျိုးတော့ ငါ့မှာမရှိသေးဘူး

နင်မပြောချင်တဲ့ စကား
ငါကြားချင်တယ် ..
နင်မကြားချင်တဲ့ စကား
ငါပြောချင်တယ်
နင့်ရင်မှာလက်မခံနိုင်လည်း
ငါဝန်ခံရဲပါတယ်
ငါနင့်ကို သိပ်ချစ်တယ် ...... ။

အလွမ်းတွေ သီကုံး
အရှုံးလက်တွေ နဲ့ နေ့ရက်များစွာ
ရုန်းထွက်ခွင့်ရချင်တယ်

နင့်အနားမှာဆို
ငါ့ဘ၀ ဘယ်လောက် ခါးခါး
အဲ့ဒီ အမှားအတွက်
ငါရိုးသားစွာ ကျေနပ်နေပါ့မယ်

နင့်နှလုံးသားတစ်စုံကို
့ငါ့ဘ၀ တစ်ခုလုံးနဲ့ လဲရဲတယ်
ငါနင့်ကို အဲ့လောက်ထိ မြတ်နိုးပါတယ် ချစ်သူ !

12:30 am
( wednesday )
4.11.09

ခပ်နွမ်းနွမ်း စိတ်ကူးပန်း


တစတစတိုးတိတ်သွားမှာ
စိုးထိတ်သံတွေက တော့
နာရီတခုရဲ့ ကျောပြင်မှာ
မြည်ဟီးလို့

အလွမ်းပုံဆောင်ခဲတွေ
အရည်ပျော်ကျ
အိပ်မရတဲ့ညမှာ
တပ်မက်မိတာ နင့်မေတ္တာ

လှောင်ပြောင်ရယ်မောသွားကြတဲ့
စက္ကန့်တံတွေ ကြား
ငါ့ရယ်သံတွေ ခါးသက်ခဲ့ရတာ
အဲ့ဒိ တပ်မက်မှု ကြောင့်များလား

နူးညံ့မှု မာကျောမှု ကို
ငါ့ရင်က အရေးမယူပါဘူး
ငါ့အလွမ်းထုကို ဖြိုခွင်းနိုင်မယ့်
မင်း အချစ် တစ်ခုကိုသာ
တယုတယ တောင်းခံချင်တာပါ

တခဏ အတွက်မဟုတ်ဘူး
တဘ၀ လုံးအတွက် ပိုင်ဆိုင်ချင်တယ်
ဒီလို အတ္တ ငါ့ရင်မှာ ချိုမြစွာ
တည်ရှိနေခဲ့တာ
နင့်နာမည်လေး ငါ့နှလုံးသားမှာ
ကဗျည်း ထိုးထားပြီးကတည်းက ...

မင်းမျက်ဝန်းထဲက စကားလုံး
ငါ စာလုံးပေါင်းတတ်ဖို့
ဘယ်သင်တန်းကျောင်းက များ
ငါ့ကိုလက်ခံမှာလဲ ...

မတရားတဲ့ လောကကြီးကို
ဟားတိုက်ရယ်လိုက်ချင်ပုံများ .........။

အသိဥာဏ်မဲ့တဲ့ အပြုံးတွေနဲ့
နုန်းချာနေတဲ့ ငါ့ကို ပတ်ဝန်းကျင်က
အရှုံးသမားလို မြင်ကြစမ်းပါစေ ..
ငါ့ရင်ထဲက စိတ်ကူး
ဘယ်သူမြင်ဖူး ကြလို့လဲ ... ။

ဖြေညှင်းညင်သာတဲ့ သူ့ခြေလှမ်းလေးတွေ
ငါ့ရင် ကမ်းစပ်မှာ ခြေရာထင်တာ
ငါသာသိတယ် ..
လှိုင်းကလေးတွေလည်း မခြေဖျက်ခဲ့နိုင်ပါဘူးကွယ်

ချစ်သူနင်ကွယ်ဝှက်ထားတဲ့
နှလုံးသားတစ်စုံ
ငါ့အတွက် မဟုတ်ဘူးဆိုလည်း
ရုးမိုက်စွာ ငါဆွတ်ခူးချင်တယ် ။

အတ္တတွေ နဲ့နေ့ အတ္တတွေနဲ့ည
အလွမ်းခါးခါးတွေနဲ့
ငါ့ဘ၀ဟာ မှားခဲ့တယ်ဆိုရင်လည်း
အမှန်တရား ဆိုတာကို
ငါမရှာဖွေချင်တော့ဘူး .....။

11း55 pm
1.11.09
( Sunday )

သ၀န်တိုစိတ်

ငါ့ အတွက်မဟုတ်ရင်
နင်မပြုံးပါနဲ့လားချစ်သူရယ်
တစ်ပါးသူအတွက်
နင်အပြုံးတွေ ခြွေလိုက်တိုင်း
ငါ့ရှုံးသွားသလိုပဲ ...
ငါစိတ်က အသုံးမကျဘူး ဆိုဆို
သ၀န်တိုစိတ် တွေ နဲ့
ငါစိတ်ညိုတယ်
အချစ်ပိုလို့ မျက်ဝန်းစိုတယ် ထင်ပ
ဒီရင်က ရှုံးပြီးရင်ရှုံး
မင်း အပြုံးလေးတွေ
ရင်မှာ ဝေ နေတုန်းပဲ
တစ်ပါးသူလက်ထဲ မပေးရက်ပါဘူးကွယ်

22.10.09 ( Thur )
5:45 pm

ကဗျာ မဟုတ်တဲ့ ကဗျာ

ကဗျာလည်း မရေးချင်ဘူး
ဘာမှ မတွေးတတ်လို့ တော့ မဟုတ်ဘူး
ရောထွေးနေတဲ့ ခံစားချက်တွေ အတွက်
စည်းချက်တွေက ဘယ်မှန်မလဲ

ငှက်ကလေးတွေ တေးဆိုသံလည်း
ငါ့ရင်ကို ငိုစေတာပဲ...
အလွမ်းပို မိလို့ပါကွယ် ..

ရင်ထဲက ဝေဒနာ အပူ
ဘယ်သူ ဖန်းဆင်းခဲ့တာဖြစ်မလဲ
မသဲကွဲတဲ့ မျှော်လင့်ချက်ပေါ့ ... ။

နှင်းတွေ ဘယ်လောက်သဲသဲ
နက်နဲနေတာ ဝေဒနာ
အဖြေရှာ လည်း
မရေရာ သေးဘူး ..
မင်းမျက်ဝန်း တွေကြောင့် ရူးချင်တယ်

အဆင်မပြေမှု များစွာထဲမှာ
ငါ့မျက်ဝန်းတွေ မျက်ရည်တွေနဲ့ အဆင်ပြေနေတယ်
ငါ့ရင်ခုန်သံ ၀မ်းနည်းမှုတွေနဲ့ အဆင်ပြေနေတယ်
ငါ့မျှော်လင့်ချက် စိုးထိတ်မှုတွေနဲ့ အဆင်ပြေနေတယ်
နင်မသိတဲ့ အဆင်ပြေမှု များစွာ ....
ရင်မှာ ၀ှက်ထားတုန်းပဲ ...... ။

ငါ့ချစ်ခြင်း
မိုက်တွင်းနက် တယ်ပြောပြော
ရိုက်ကွင်းပေါ်က အလွဲတွေလိုပဲ
ရယ်သံတွေက တော့ ကြေကွဲတယ်

မင်းဟာ
မှေးမှိန်တဲ့ အလင်းရောင်ဆောင်ကြဉ်းလာတဲ့
ကြယ်တစ်ပွင့်ဆိုလည်း
ငါ့ရင်ကို ဖွင့်ခင်းထားတယ်
လမင်းလို လင်းနေစရာ မလိုပါဘူးကွယ်
ငါ့ဘ၀ရဲ့ညတွေ
လှပသွားမှာပါပဲ .. ။

မကြည့်ဘူးဆိုမှာတော့ မင်းဘယ်သိတော့မလဲ
တွယ်ငြိခဲ့ရတဲ့ သံရောဇဉ်
မင်းနဲ့ မပတ်သက်ဘူး ထင်နေရင်
သူစိမ်း ပြင်ပြင် အကြည့်တွေနဲ့သာ
စိမ်းကားတော့ပေါ့
ပေါ့ပေါ့ပါးပါး ပြောတယ် မထင်ပါနဲ့
ဆော့ကစားဖို့လည်း စိတ်မပါဘူး
မင်းကို ရူးရူးမူးမူးချစ်ခဲ့သူပါကွယ်

8:25 pm
18.10.09
( Sunday )

နူးညံ့ဝေဒနာ

င့ါ အလွမ်းလက်ပံပင် က
ဘယ်လောက် အကိုင်းချိုးချိုး
အို မသွားပါဘူး ..............

နေပူပူ
မိုးရွာရွာ
ဘာအကာမှ ငါ့မှာ မရှိဘူး
တကိုယ်တည်း
မပြိုလဲ ဘူးဆိုပေမဲ့
ယိုယွင်းခဲ့တဲ့ စိတ်တွေက
တိုးတိတ်စွာ
ငိုကြွေးနေတယ် ....

နှင်းတွေ ပိန်းပိတ်မှောင်တဲ့လမ်းမှာ
စမ်းတ၀ါးဝါး လျှောက်ကာသွား
မြူတွေလည်း ဆိုင်းနေတယ်
ဘယ်လမ်းရယ်
ငါ့အတွက်အလွမ်းပျယ်မှာလဲကွယ်

အားကိုးစရာ ကြယ်တစ်ပွင့်မှ
ကောင်းကင်မှာ လင်းလက် မနေဘူး
အားယူလို့ ပြုံးကြည့်ပါသေးတယ်
နုန်းချည့်နေပီပေါ့ ........။

လမ်းပြပါလား ချစ်သူ
မင်းအပြုံးတွေ ခေါ်ဆောင်ရာမှာ
ငါပျော်မှာပါ ..

မင်းလက်တွေက ငါ့ကို ဘယ်တော့မှ
မကမ်းပေမယ့်
ငါက တမ်းတ နေတတ်တယ် .........။

ငါ့ချစ်စိတ်ကို
မင်းတိတ်တဆိတ် မုန်းနေပြန်လျော့လား
အရှုံးဆိုတာကတော့ မင်းတိုက်တိုင်း
သောက်နေကျ ၀ိုင်ချိုတခွက်ပါ
ခါးသက်စွာစီးဆင်းလို့
ဝေဒနာတွေက နှလုံးသား တစ်နေရာမှာ
နားနေတတ်တယ် ............။

မင်းမျက်ဝန်းတွေ မချိုရင်
ငါ့ရင်မှာ မိုးပြိုရပါတယ် ချစ်သူ ............ ။

ဒါပေမဲ့
ငါဘယ်လောက်ရှိုက်ငို
မင်းရိုက်တယ်လို့ ရင်မှာ မယူဆခဲ့ပါဘူး ..... ။

မျှော်လင့်ချက်တွေ နိုးလာတိုင်း
ဝေဒနာ တွေ တိုးလာရတယ်
ရိုးသားစွာ ပဲ ငါ့မနက်ခင်းတွေကို
ဝှက်ထားပါရစေတော့ ..... ။

ဒီအတွက် ငါဘယ်လောက်ဆိုးရွားစွာ
ငိုကြွေးရမယ် မသိပါဘူးကွယ် ........... ။

11:55pm
wed
5 . 8 . 09

Tuesday, September 29, 2009

သူမဖန်ဆင်းခဲ့တဲ့ မျှော်လင့်ခြင်း

Tuesday, September 29, 2009 18
ကျမနှလုံးသားတစ်စုံ
ရင်ခုန်အောင် သူပြုံးပြတတ်တယ် ... ။

သူ့အပြုံးတွေမှာ
နှလုံးသား တစ်စုံ နုန်းနေအောင် ရင်ခုန်မိသူပါ ... ။

ကျမအသိတွေ မှာ
သူ့အကြည့်တွေပဲ ရှိနေတတ်တယ် ......။

ရင်ခုန်အောင် သူမကြည့်ပါဘူးဆို လည်း
ကျမက ရူးခဲ့သူပါပဲ ............. ။

ကျမ အကြားမှန်သမျှ
သူ့စကားသံလေး တွေပါ ............ ။

ရင်လှိုက်ဖိုအောင် သူမဆိုပါဘူးဆိုလည်း
ကျမ ရိုကျိုးစွာ မြတ်နိုးတတ်သူပါပဲ ..........။

ဘယ်နေရာကြည့်ကြည့်
သူ့ပုံရိပ်သာမြင်မိတယ် ............ ။

သူမသိပါဘူးဆိုလည်း
ကျမရင်မှာ သူရှိပါတယ် ........... ။

ကျမ အတွေးတွေမှာ
သူ့မာန လေးတွေပဲ ရှိနေတတ်တယ် ....... ။

နားလည်ရခက်နေလည်း
ကျမ သိပ်ချစ်ပါတယ် ............။

သူ့နှုတ်ခမ်းက ဘာခြွေခြွေ
ကျမ က ကြွေနေတတ်သူမဟုတ်လား ..........။

သူနဲ့ အနေဝေးရင်
ကျမ အပြုံးလေး ဆွေးမြည့်ရတယ် ...........။

စိုးစိတ်တွေနဲ့ တိုးတိတ်စွာငို
ကျမ နေ့ရက်တွေ မချိုနိုင်ပါဘူး ..........။

သတ်မရတဲ့ မျှော်လင့်ခြင်းတွေကြားမှာ
ကျမ အတ္တ မခါးခဲ့ပါဘူးကွယ်

သူ့အနားမှာသာ
ကျမ မှားနေပါရစေလား ............. ။

11: 55 pm
( Tuesday )
29.9.09

ချစ်နေတော့လည်း

မင်းရဲ့ မာန မျက်ဝန်းကမှ
ရင်မှာ အထင်ကရ ဖြစ်ခဲ့ရတယ် ...

မင်းရဲ့ ဥပက္ခာပြုမှုတွေ ကြား
မျက်ရည်တွေ ခြွေလိုက်ရမှ
ငါ့မျက်ဝန်းက ပျော်တတ်နေတာလား ....

ကံကြမ္မာရယ်လို့
တခါ မိန့်ဆိုမိတိုင်း
သိုသိပ်စွာ ကြေကွဲရတယ် ...

ငါ့မှာလည်း မာနနဲ့ပါ
ဒါပေမဲ့
ငါမြတ်နိုးတဲ့ မင်းလက်ချောင်းလေး တွေက
ခ၀ါ ချ ပစ်ခဲ့တာ မဟုတ်လား

ရင်ထဲက ဆန္ဒတစ်စုံတစ်ရာအတွက်
နှုတ်ဖျားက တကြိမ်တခါတောင်
ငါပြောမထွက်ခဲ့ဘူး ......

မပြောတော့ပါဘူး
ကျိန်စာသင့် နှုတ်ခမ်းတွေ
အမြဲ လွမ်းနေတော့မယ်

မငိုတော့ပါဘူး
ကျိန်စာသင့် မျက်ဝန်းတွေ
အမြဲ ကန်းနေတော့မယ်

ရင့်ကျက်စွာလည်း ပင့်သက်မချတတ်တော့ဘူး

ချစ်သူရေ
မင်းနဲ့ ပတ်သက်ရင် မင်းငါ့အပေါ်ထားတဲ့
မာနလေးလည်းပဲ
ငါက မြတ်နိုးနေတတ်ခဲ့တယ်

ငါလိုလူ ရှုံးတယ်ဆိုတာ
လောကကြီးရဲ့ပျော့ကွက်လည်း မဟုတ်တော့ဘူး
ရုန်းမရအောင် ချစ်ဖို့ကို
ငါ့ကိုယ်ငါ စီရင်ချက်ချခဲ့တာပါ ။

နင့်လှည့်မကြည့်တော့လဲ ငါကြေကြေကွဲကွဲ ကျေနပ်နေတယ် ။

ရိုးသားစွာ မြတ်နိုးနေဦးမယ့် မနက်ဖန်တွေ တိုင်း
လွမ်းမြူတွေ ဆိုင်းနေဦးမှာပါပဲ လေ ... ။

28.9.09
( Sunday )
11 : 59 pm

သူငယ်ချင်း

ကျမ မျက်ရည်အတွက်
သူ့လက်တစ်စုံ
နာကျင်နေအောင်
မျက်ရည်တွေ သုတ်ပေးဖူးတယ်

ကျမ ဝေဒနာအတွက်
သူ့ရင်ခွင်တစ်စုံမှာ
မှေးစက်စရာ တနေရာ ပေးခဲ့ဖူးတယ်

ကျမ မောလျမှုတွေအတွက်
သူ့ပခုံးတဖက်
မှီခိုရာ ပေးထားခဲ့ဖူးတယ်

ကျမ ရင်ထဲက ဝေဒနာ စာသားတွေ
နှစ်သိမ့်စရာ စကားတွေနဲ့
ချေဖျက်ပေးခဲ့ ဖူးတယ်

မမေ့ပါဘူး
မကြည်နူးချိန်တွေမှာ
ထူးခြားစွာ ဦးစာပေးခဲ့သူ
ဖေးကူလို့ ချွေးသိပ်စေခဲ့သေးတယ် .......... ။
ကြည်နူးချိန်တွေမှာ
တူတူ မြူးလို့ နေတတ်ခဲ့တယ် .....။

ဘယ်လိုပဲ ဝေးဝေး
အားပေးမှုတွေနဲ့ ငါ့ကိုဖေးကူခဲ့သူ
သူငယ်ချင်း ...
ငါနင့်ကို ဘယ်တော့မှ မမေ့ဘူး ။

5 . 8 . 09
wed
11:57 pm

လက်ကလေးများရဲ့ ရာဇ၀င်

အဲ့ဒီ လက်ချောင်းကလေးတွေပေါ့
ကျမ ရင်ထဲက မာန တရားကို သိမ်းဆည်းသွားတယ်

အဲ့ဒီ လက်ချောင်းကလေးတွေပေါ့
ကျမ မျှော်လင့်ခြင်းတွေကို ဆုပ်ကိုင်ထားတယ်

အဲ့ဒီ လက်ချောင်းကလေးတွေပေါ့
ကျမ ရင်ခုန်ခြင်းကို ဖန်ဆင်းသွားတယ်

အဲ့ဒီလက်ချောင်းကလေးတွေပဲပေါ့
ကျမ အတ္တတွေကို လမ်းခင်းသွားတယ်

အဲ့ဒီ လက်ချောင်းကလေးတွေပဲပေါ့
ကျမ မျက်ဝန်းကို ရွှန်းစိုစေခဲ့တယ်

အဲ့ဒီ လက်ချောင်းကလေးတွေပေါ့
ကျမ နှုတ်ခမ်းလေးတွေကို ပြုံးစေခဲ့တယ်

အဲ့ဒီ လက်ချောင်းကလေး တွေနဲ့
မြတ်နိုးခြင်းကို ပေးခဲ့တယ်

အဲ့ဒီလက်ချောင်းကလေးတွေကပဲ
ကျမ ကိုချစ်တတ်လာအောင် ပုံသွင်းခဲ့တာပါပဲ .....။

ကျမလည်း အဲ့ဒီ လက်ချောင်းလေးတွေကို
မြတ်နိုးတတ်ခဲ့တယ် .......။

12:40 am
Wed
30.9.09

ရှုံးပါစေတော့

ညတညကို
အတ္တတွေ နဲ့ အလှခြယ်တဲ့အခါ
ငါ မှားသလား ?

တကြိမ်တခါ ဗျာများခဲ့တဲ့
ငါ့နှလုံးသား
နင့်လက်ချောင်းလေးတွေကြားက
ကစားစရာ ဖြစ်ခဲ့ရတာပါ

ရင်ထဲက မာနမီး
မင်းအကြည့်တစ်ချက်နဲ့
ငြိမ်းသပ်ပီးခဲ့ပါပြီ

စိတ်ကူးထဲမှာရေးခြယ်ခဲ့တဲ့
ပန်းချီကားလဲ
အလွမ်းသစ်ပင် တစ်ပင်တည်းပဲ .. ။
အရွက်လေးတွေ တော့ နေ့တိုင်းကြွေပါတယ်

နေ့တစ်နေ့ကို နင့်ကိုလွမ်းစိတ်နဲ့
အစပြုတယ်
ညတစ်ညတစ်ကို နင့်ကိုသတိရ
စိတ်တွေ နဲ့ အဆုံးသတ်တယ်
အိပ်မက်ကလေးတွေလည်း
နွမ်းလို့လာခဲ့ပါပြီကွယ် ... ။

စွမ်းပါတယ် နင့်အပြုံးတွေက
ငါ့နှလုံးသား ကျွမ်းသွားခဲ့တာပဲ
နင်ဘယ်လိုပြုံးပြုံး ငါကရှုံးနေတာမဟုတ်လား

တကယ်တော့
ငါ့အပြုံးတွေက အရှုံးပန်းကုံးလေးတွေပါ
နင့်လက်ကလေးတွေ နဲ့ သီဖို့
ငါအရင် ကြွေဆင်းခဲ့ရတာပဲ မဟုတ်လား .. ။

ဘာပဲ ဖြစ်ဖြစ်
နင့်အပြုံးလေးတွေ ကို
ငါ့လက်နဲ့ ဖန်ဆင်းခွင့်ရနေသရွေ့ ငါပျော်တယ် ။

ငါံအရှုံးတွေကို နင်လှည့်မကြည့်ပါနဲ့တော့ ချစ်သူရယ် ။

14.8.09 ( 12း 47 ) am
Friday

Tuesday, July 21, 2009

တဖတ်သက်ချစ်ရသူ

Tuesday, July 21, 2009 18
ကောင်းကင်က တော့အမြဲ လင်းလက် မနေပါဘူးလေ ..

ကျမ အတ္တကြောင့်လား တော့ မသိဘူး
နေညိုရင် ငိုနေတတ်တယ်

သူ့အကြောင်း မတွေးမိအောင်
ကျမကိုယ်ကျမ သွေးဆောင် ကြည့်ပါသေးတယ်
စက္ကန့်တွေ မလပ်အောင်
တင်းကြပ်စွာ စိုးမိုးထားခဲ့သူလို့ တော့
အပြစ်မဖို့ ရက်ခဲ့ပါဘူး ...

အများအမြင် မှာတော့
လွန်ကာသွားသူလို့ ထင်နေရော့မယ် .. ။

အလွမ်းတွေ ဖိတ်စင်ကြဲနေတဲ့
ဝန်းကျင်မှာ ကျမကတော့
ခပ်နွမ်းနွမ်းပဲ ပြုံးတတ်တော့တယ် ... ။

သူ့အပြုံးလေး တပွင့်ခူး
ရင်ထဲမှာ တခါ ဆူး
ဒီလိုနဲ့ ရူးသွပ်စရာ ဥယျာဉ်ငယ်
ကျမရင်ထဲ
ကွယ်ဝှက်ထားဖူးတယ် .. ။

သ၀န်တိုစိတ်ဆိုလည်း ကြိတ်မှိတ်
ရင်တထိတ်ထိတ်နဲ့ စိုးစိတ်က
သူ့ရင်ခွင်လွှာမှာ
ဦးကာထားသူ ဘယ်သူများလဲ
ခါးသီးတဲ့ အတွေးဟာ
ရင်မှာ နွေးနေတုန်းပဲ ............ ။

သူ့မျက်ဝန်းလေးတွေရဲ့ ကကျိုးဟာ
အသက်ရှူသံတွေကို မှားယွင်းစေတဲ့
ရင်ခုန်ခြင်းမျိုးပါ ..
သူနဲ့ကျမကြား ဖြတ်သွားတဲ့
လေညှင်းလေးတွေကိုလည်းကျမ မုန်းတယ် .. ။
ကျမ လောက် သူ့ကို
ဘယ်သူ သ၀န်တိုတတ်မှာလဲ .. ။

ကျမပါးပြင်ပေါ်က မျက်ရည်စက်ကလေးတွေ
သူ့လက်ချောင်းလေး တွေနဲ့
လာသုတ်ပေးမယ် ဆိုရင်တော့
ကျမငိုချင်တယ် ... ။

ခုတော့ရင်ထဲက
တစ်စုံတစ်ရာ အချို့ကို
သူ့အပြုံးတွေ နဲ့ပဲ ကွယ်ဝှက်တတ်ခဲ့အောင်
ကြိုးစားခဲ့ပါတယ် ... ။

အဖော်ဆိုလို့ မျက်ရည်တောင် မရှိတော့ဘူး ............. ။

ကျမ အရူးအမူး ချစ်ဖူးသွားတာ
သူ့ကို ဘယ်သူ ပြောပြပေးမှာလဲ .. ?
စောင့်စည်း အပ်တဲ့ အရာတွေကြားမှာ
ကွယ်ဝှက်ကာ ထားခဲ့ရတဲ့ နှလုံးသားတစ်စုံ
သိမ်မြုပ်မသွားဘူးဆိုတာ ယုံ ...

ကျမ ဘယ်တော့မှ ပုံမပြောတတ်ပါဘူး .......... ။

12:15 ( am )
21.7.2009 ( Tue )

ထပ်တူ မပြုံးနိုင်ပါဘူး

မငိုချင်ပါဘူး
မငိုပါဘူး
စိုစိုနေတဲ့ မျက်ဝန်းတွေက တော့
တားမရဘူး ...
နှစ်လိုမှု တစ်ခုကြောင့်ပေါ့ .. ။

ပြေးထွက်သွားရအောင်လည်း
နွေးထွေးတဲ့နေရာ ရှာမတွေ့သေးဘူး
ဆွေးနေရမဲ့ အတူတူ
မဝေးတဲ့ နေရာမှာပဲ ..
ဒုက္ခကို ချိုမြိန်စွာ
သောက်သုံးရမှာပဲ ... ။

မျက်ဝန်းတွေလည်း လှစ်မပြတော့ဘူး
တွယ်ရစ်ခဲ့တဲ့ ဒီရင်ကိုပဲ
အလွမ်းတွေမှာ နှစ်ထားတော့မယ်

ငါ့ကိုယ်ငါ ထက်
နင့်ကို ပိုချစ်ခဲ့သူပါ .... ။

ချစ်သူရေ ....
မင်းသွားမဲ့လမ်းတိုင်းမှာ
ငါ့ကို ထားသွားမယ်ဆို ..
လွတ်လပ်ဆုံးရှုံးစွာ ငါ့ကိုယ်ငါ
ငိုခွင့်ပေးလိုက်မယ်နော် .. ။

မင်းအပြုံးတွေ အတိုင်း
ငါ့ကို မပြုံးခိုင်ပါနဲ့
ငါ့ရင်ထဲမှာ ဆုံးရှုံးမှုပဲ ရှိတော့တယ်လေ ..

ဒါပေမဲ့
မင်းအပြုံးလေးတွေတော့
တယုတယ
ငါသိမ်းထားပါ့မယ် ......... ။

ငါ့မျက်ရည်တွေ
မင်း အပြုံးတွေကြောင့် ပိုလှနေမှာပါ ချစ်သူရယ် .. ။

ရူးစေခဲ့တဲ့ ဆူး

ငါဟာ
စိတ်ကူးယာဉ်ဆန်လွန်းသူများလည်း ကွယ်

အရာရာဟာ
ေ၀၀ါးစွာ ထည်ရှိနေတုန်းပါပဲ ... ။

ငါ့အလွမ်းဟာ ကောင်းကင်ကြီးလိုပဲ
မိုးပြိုချိန် .. ပြို
နှစ်းစိုချိန် .. စို
နေညိုချိန် .. ညို
ခိုကိုးရာမဲ့ ...နွေ
တခါတလေ သက်တန့်လို ပြုံးနေသေးတယ် ။

ငါပြုံးတိုင်းလှ ချင်မှလှမယ်
နင်ပြုံးတိုင်းတော့ လှနေတာပဲ
ဒီလိုပဲ ..
လောကကြီးရဲ့ သတ်မှတ်ချက်က
ငါ့ကို ဒဏ်ခတ်ခဲ့တာပဲလေ .. ။

ချည်နှောင်မှန်း မသိချည်နှောင်
လှုပ်မရတော့မှ
တုတ်ထားမှန်း သိ
ဒါပေမဲ့
ရင်မှာ အသိမရှိတော့ဘူး .. ။

ရူးသူတွေထဲမှာ
တမူးတောင် သာခွင့်မရခဲ့ဘူး
နင်မပစ်လိုက်ပါဘူးဆိုတဲ့ ဆူးက
ရင်မှာ နူးညံ့ခဲ့ပါတယ်

ဒါပေမဲ့ ...
ဒီရင်တစ်ခုလုံး
အလဲလဲ .. အကွဲကွဲ
ကြေမွ ပျက်စီးသွားခဲ့တယ် ... ။

ရင်ထဲက ပန်းခရေ

မော့မကြည့်မိဘူး ... ။
ကြွေကျလာတဲ့
ပန်းကလေးတွေ
ကောက်ယူပြီး သီခဲ့တာ
ပန်းကုံးတွေ စီလို့ ............... ။

သူများတွေ မနင်းစရဘူး
ကြွေဆင်းသမျှ
သိမ်းထားခဲ့တာ
နှစ်လရှည်ကြာခဲ့ပေါ့ .... ။

ငါ့ရင်မှာတော့
ရနံ့သင်းတယ်
အဆင်းလှတယ်
ငါ့မြေတလင်းမှာ နင့်ကို
ခင်းထားခဲ့ပေမယ့်
ဖြေးညှင်းစွာတောင် မနင်းရက်ခဲ့ပါဘူး .. ။

မြတ်မြတ် နိုးနိုး ပျိုး
ရိုးရိုးသားသား ခိုးချစ်ခဲ့ရတာပါ .. ။

လေညှင်းလေး သယ်ဆောင်ရာ
နင်လွင့်ပါသွားခဲ့ရင်တောင်
မင်းရနံ့လေးတွေ
ငါ့မြေတလင်းမှာ
သင်းပျံ့နေဦးမှာပါ ............ ။

ရင်ခွင်ပျောက်သူ


လွမ်းမိရင်တွင်
ခြေယိုင်ခွင်
ငိုချင်လို့ မဆုံး ။

တမ်းတမိပြန်
အချိန်မှန်
ကိုယ့်ထံ ပြန်ခဲ့ဦး ( အုန်း ) ။

လာရောက်ဖေးကူ
ဆွေးနေသူ
ချစ်သူ ဘယ်မှာတုန်း ။

Sunday, June 21, 2009

သစ်ပင်အို နဲ့ ငှက်ငယ်

Sunday, June 21, 2009 15
အပျံသင်စ
ငှက်ကလေး တစ်ကောင်
ငါ့ရင်ခွင် ကိုင်းထက်မှာ
လာနားဖူးတယ် ...
( သူက အမှတ်တမဲ့ ပါပဲ )

တစ်နေ့တစ်ပင်
သူရစ်ခွင်လို့
ရင်ခွင်ကိုင်းမှာ
တစ်နေရာ စာသူယူသွားတယ် ။
( အသိုက်အမြုံ တစ်ခုရယ်ပေါ့ )

ဒီလိုနဲ့ အိပ်တန်းတက်ချိန်တွေ
မျှော်တတ်သူက .. ငါ
ရောက်မလာတတ်တဲ့အခါ
ရင်ထဲမှာ .. စစ်ခင်း
လမင်းတစ်စင်း တိမ်ဖုံးသွားတယ်

သြော် ...
သူပျော်ရာ ကောင်းကင်ကျယ်သာ
ဖြစ်ခွင့်ရရင် .. ဆိုတဲ့အတွေး
ရင်ကို တကယ်ဆွေးသွားစေပါတယ် ။

ရင်ခွင်အိုကို နာကျင်စေလိုရင်တောင်
ငါမင်းကို ဘယ်တော့မှ မငြိုငြင်ပါဘူး ..

ငှက်ကလေးရေ ...
မင်းမခြွေပေမဲ့
နွေကတော့ ငါ့အရွက်တွေ ခြွေမှာပဲ
မင်းမရှိရင်တော့
ဆောင်းက ငါ့အရွက်တွေ
ပြန်ဝေနိုင်မှာ မဟုတ်တော့ဘူး ..

တစ်နေ့နေ့မှာ အတောင်ဖြန့်ကျက်လို့
ငါ့ရင်ခွင်ရဲ့ ဆန့်ကျင်ဘက်တနေရာ
မင်းပျံသွားမှာ ငါစိုးတယ်

ငါနေ့တိုင်း ငိုနေပါတယ်
ငှက်ကလေးရေ ............... ။

ကျမ ချစ်မိ အပြစ်ရှိ၏

ဝန်မခံချင်ပါဘူး .. မောင်ရယ်

သိက္ခာတွေ မစတေးချင်လို့
မဟုတ်ဘူးနော် ....
ပျက်ရယ်ကာ ပြုလေမလား
တွေးပူခဲ့ရသူပါ ....

ရင်ထဲမှာ အထပ်ထပ်ရစ်
အတွေးနစ်သူ ကျမ
နှလုံးသား နွမ်းရစ်အောင်
ချစ်ခဲ့ရသူပါ .....

သိနေမှာပါလေ ..
ဟန်ဆောင်ကာထားလည်း
လွန်ဆန်ကာသွားခဲ့တဲ့
ဒီမျက်ဝန်းတွေ
အပြစ်ပေးလိုက်သင့်သလား ?
ဆုံးဖြတ်ရ ခက်လွန်းသူပါ ...

အပြစ်ဒဏ်အဖြစ်
သေဒဏ်ခတ်မယ်ကြံတိုင်း
အယူခံ ၀င်နေတဲ့ ကျမ မျက်ဝန်းတွေ
မိုးထပ် မပြိုစေချင်တော့ဘူး ..
ခွင့်လွှတ်ပေးပါ ... မောင်ရယ် !

ကျမက အလွန်သတ္တိနဲ လွန်းသူပါ ... ။

တကယ်တော့ ငါဟာ

မင်းအကြည့်တစ်ချက်မှာ
ငါ အထပ်ထပ် တုန်လှုပ်ခဲ့ရတယ်
တကယ်တော့ .... ငါဟာ
ကန်ရေပြင်နဲ့ တူသော မိန်းမပါ ..

မင်းအပြုံးတစ်ခုမှာ
ငါ အခါခါ ကျရှူံးခဲ့ရတယ်
တကယ်တော့ .. ငါဟာ
ကမ်းပါး နဲ့ တူသော မိန်းမပါ ..

မင်းစကားလုံးတွေကြားမှာ
ငါ အခါခါ ကြွေဆင်းခဲ့ရတယ်
တကယ်တော့ ငါဟာ
ကြယ်ပွင့် နဲ့ တူသော မိန်းမပါ ...

လွမ်းတိုင်းမှာ မှိုင်းတယ်
ငိုတိုင်းမှာ ပြိုတယ်
နင် အနားမှာ ရှိချိန်တော့
ကမ္ဘာမြေကြီးကို လင်းလက်သွားစေတယ်
တကယ်တော့ .. ငါဟာ
ကောင်းကင် နဲ့ တူသော မိန်းမပါ ... ။

freedom

နင်နဲ့ ငါကြားက
တံတိုင်းလေး တစ်ချပ်
ငါ့ နှလုံးသား တွန်းကန်အားနဲ့
ဖြိုဖျက်ခဲ့မယ် ဆိုရင်
မင်း .. ကျေနပ်နိုင်မလား ?

ယိုင်လုလု တံတိုင်းလေးတစ်ချပ်ကို
မင်းဘယ်လို ခံနိုင်အားတွေ နဲ့
တွန်းကန်ထားရတာလဲ
( ဆိုပါ ) ချစ်သူ ...

မင်းမရှိတဲ့ .. ည
လမသာပါဘူး ....
မင်းမရှိတဲ့ ... ည
ကြယ်လေးတွေလည်း မကတော့ဘူး ။

မင်းမရှိတဲ့ ဆည်းဆာ
အလွမ်းတွေက နေ၀င်မသွားဘူး
မင်းကို လွမ်းတဲ့ ဆည်းဆာ
မျက်ရည်တွေက နှုတ်ဆက်မသွားဘူး .. ။

မသိစိတ်နဲ့ သိစိတ် လွန်ဆွဲပွဲမှာ
ချစ်စိတ်က ပြန်ပေးဆွဲသွားတယ်
ငါ့ကိုကယ်တင်နိုင်စရာ
မင်းမှ တပါး အခြားမရှိပါဘူး ။

ငါ ... အကျဉ်းထောင်မှာ
တကယ်မနေလိုပါဘူး ..
သံတိုင်တွေ ကြားက
မင်းကို အမြဲ ...
မျှော်ငေးနေမိသူပါ
ချစ်သူရယ် ..... ။

ကြမ္မာဆိုး

သခင် သွားလိုရာ ၊ ကျမ မတားပါဘူး
ဝေးဖို့ သတ္တိတွေကြိုးစားမွေးခဲ့သူရပါလေ .. ။

မြင်လှည့်ပါ သခင်
ရင်ခွင်ရဲ့ တင်းကြပ်မှုတွေ
ဘယ်အရာက အံတုနိုင်မှာလဲ ?

ဝေးရမယ် တွေးဆမိတိုင်း
ဘေးကနေ အဖော်ရောက်လာသူက
မျက်ရည်စက်ကလေးတွေလေ .. ။

နှုတ်ခမ်း တစ်စုံပြုံးလို့ နေတတ်ချိန်မှာ
နှလုံးသား တစ်စုံ နုန်းလို့ နေတတ်ပြန်ပါရော

ဖြေတွေးနေခဲ့ပေမဲ့
အနေမအေးရတဲ့ အချိန်တွေ ..
ဘယ်လောက်ထိ စိုးမိုးထားမှာလဲ ?

အချိန်တွေကို ရပ်တန့်စေချင်သလား
ကုန်ဆုံးစေချင်သလား
အို .... ကယောင်ချောက်ချား နဲ့
နောက်ဆုံးတော့ ...............
ကံကြမ္မာသာ ငါ့ရဲ့ မုန်းတီးရာ !

Saturday, May 9, 2009

ပြန်ပြောပြဖို့ ခက်နေတယ်

Saturday, May 9, 2009 24
ခဏခဏ ပြုံးမပြပါနဲ့လား
အခါခါ ရင်ခုန်မှု အောက်မှာ
ငါရုန်းမရနိုင်တော့ဘူး ..
အလွမ်းစက်ကွင်းထဲက
ရုန်းထွက်ဖို့ ကြိုးစားလေ
မင်းအပြုံးတွေ ချည်နှောင်ထားလေပဲ ..
မဆုံချင်ဘူးဆိုတဲ့ အသိတွေက
ဆုံဆည်း ချင်တဲ့ နှလုံးသားကို
လွန်ဆန် မရတာ
ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး
ပြန်ပြောပြတော့ ခက်လိမ့်မယ်
ငါမင်းကို ဘယ်လောက်ချစ်မိသွားလဲ
ဆိုတာ ..
မင်းအသက်ရှူသံလေးက အစ
ငါတယောက်တည်း ကြားခွင့်ရချင်နေတာ
ငါ့ကို ခွဲသွားမှာလား ?
စိုးရိမ်စိတ်တွေ နဲ့ ဖြတ်သန်းနေခဲ့တာ
အအိပ်ခက်တဲ့ ညပေါင်းများစွာ ..
ခေါင်းအုံးလေးတော့ သိမှာပါ ..
ဘယ်အရာမှ မရေရာဘူးဆိုတဲ့
လောက ကြီးမှာ မင်းကို ချစ်တာတော့
သေချာသွားတယ် ..
ပြောခွင့်မရတော့ရင်တောင်
မင်းအိပ်မက်ထဲ လာလာပြောပြမယ်
မင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပေးပါ
ချစ်သူရယ် .. !

နဲနဲလေးတော့ ခံစားပေးပေါ့

သက်ပြင်းလေးတွေ ခိုးခိုးချ
စိုးရိမ်နေခဲ့မိတာ
ဆုံးရှူံးလိုက်ရမှာ
တခုတည်းပါ ..


မင်းနဲ့ ဆုံပြီးတိုင်း
မနက်ဖန် ဆိုတာ
အလွမ်းတွေ ချည်းပဲ မဟုတ်လား

မြင်လည်းလွမ်း
မမြင်လည်းလွမ်း
နေရင်းထိုင်ရင်းလွမ်းတယ်ဆိုတာ
ငါ့အသက်ရှူသံတိုင်းပါပဲ

ယုံ .. လို့တော့
မတိုက်တွန်းလိုဘူး
စိတ်ကူးတွေထဲမှာ
အမြဲရှိနေသူပါ ..

လှမ်းမလာပါဘူးဆိုတဲ့
ငါ့ခြေလှမ်းတွေကတော့
အလွမ်းတစ်ရာမက
စိုးမိုးထားခဲ့တာပါ ..

ဒါပေမယ့်
စွန့်လွှတ်နိုင်တဲ့ သူရဲကောင်းတော့
ကိုယ် ... မဟုတ်ဘူး

ပေးဆပ်နေမှုတိုင်းအတွက်
မင်း ဆွေးတတ်နေစရာမလိုပါဘူး
မင်းကို အတွေးမခက်စေအောင်လည်း
အေးအေးစေးစေး လေးပဲ
ချစ်ခဲ့တာ

နွေးနွေးထွေးထွေး လေးဖြစ်အောင်တော့
ခပ်ရေးရေးလေး ခံစားပေးပေါ့
ချစ်သူရယ် ...

တွေဝေနေမှာလား ..မောင်

အနမ်းပင် မပျိုးလေနဲ့
အလွမ်းပင်တွေ
ရိုးမယ်ဖွဲ့မှာစိုးတယ်
နွမ်းရက်တွေ မရှည်ကြာလိုဘူး မောင်


လေအဝှေ့မှာ ကြွေဆင်း
ခရေလေးတွေ မြင်တတ်ခဲ့ရင်
ခြေနင်းလို့ သွားလေမလား
ရင်မအေး တဲ့ ဘ၀မျိုး
တကြိမ်တခါ .. မောင်များ
ကြုံဖူးလေသလား

တသက်တခါ ခုန်ဖူးတဲ့ ရင်
တစုံတရာ ထူးခြားမလာဘူးဆိုရင်တောင်
ရူးသွားလောက်အောင်
ချစ်ဖူးသွားတာပါ .. !

မောင်က .. ခံစားချက်တွေ
ကျောခိုင်းနေတတ်သူလား
နားမလည်သူလား
ရင်ပူအောင် တွေးခဲ့ရသူပါ

တကယ်တမ်း ဝေးကြမယ်ဆို
နှုတ်ဆက်မလေနဲ့တော့
ကျမမျက်ဝန်းတွေ
မိုးစွေ နေမှာစိုးတယ် ..

ထွက်မသွားပါနဲ့လို့ မတားရက်ဘူး
ပြန်လာမှာကိုတော့ မျှော်လင့်မိသူပါ
လွမ်းသူ့ ခေါ်သံတွေကြား မှာ
မောင်တယောက် တွေဝေနေဦးမှာလား ...

နွေပြီးရင်နွေ

ရင်ထဲမှာ
ချုံးပွဲချငိုနေပေမယ့်
အပြုံးတွေ နဲ့သာ
ဖုံးကွယ် ထားခဲ့တာ
ငါဟာ .. မင်းရှိနေတဲ့
လောကကြီးကို လိမ်ညာချင်ခဲ့လို့ပါပဲ ..


မာနတွေကို
လှပစွာ ပန်ဆင်ခဲ့ပေမယ့်
ငါ့အလွမ်းတွေက တော့
ဟန်ပြင်ချိန်တောင် မရခဲ့ဘူး

တကယ်တော့
ငါ့အနားမှာ မင်းရှိနေပါမှ
ဆောင်းနှင်းစက်တွေ ကြွေ
ပုရစ်ဖူးတွေ တကယ်ဝေခဲ့တာ

နင်မရှိတော့ ငါ့ဘ၀က
နွေဟာလည်း ..နွေ
မိုးဟာလည်း .. နွေ
ဆောင်းဟာလည်း .. နွေ ပါပဲ

ကြေကွဲစရာ အတွေးတွေနဲ့
ဆွေးမြည့်စွာ ပြုံးနေတတ်သူ
ငါ .......
လောကကြီးမှာ နေသားတကျ
ဖြစ်ပြီးသားပါ ...

ကြည့်တိုင်းမြင်
မျှော်တိုင်းလွမ်း တယ်ဆိုတာ
ငါ့စိတ်ရဲ့ သဘာဝတရားပဲ
မဟုတ်လား

ရင်ထဲမှာလဲ ထွေထွေ ထူးထူး
မြူးမနေချင်တော့ပါဘူးကွယ်!

ပုံသေ

နွေဟာ ..... နွေပဲ
မိုးဟာ ... မိုးပဲ
ဆောင်းဟာ ... ဆောင်းပဲ
မပြောင်းလဲပါဘူး ... မောင်


ပေးဆပ်နေမြဲ
ဆွေးတတ်နေဆဲ ..
အအိပ်ပျက်နေလည်း
မမုန်းရက်ခဲ့ပါဘူး ... မောင်

အိပ်မက်ထဲလည်း ရောက်မလာ
ပုံရိပ်လေးတောင် ဖျောက်ကာထားသူ
ဒီအပူတွေ လွန်ဆန် မရသူအကြောင်း
ခေါင်းစဉ် မတင်လိုတော့ပါဘူး

သက္ကရာဇ်တွေ ပြိုနေသည်နှင့်အမျှ
ရင်ခွင်က ငိုလို့နေသူ အကြောင်း
တစေ့တစောင်း တောင်
မောင် မတွေးတတ်တာ .. ယုံကြည်ပြီးသားပါ။

အလွမ်းငွေ့တွေ
လေပြေတွေတောင် သယ်ဆောင်ခွင့်
....... မပေးခဲ့ဘူး
မောင်အသက် ရှူမ၀မှာ
တွေးပူတယ်

မိုးပဲသဲသဲ နှင်းပဲဖွဲဖွဲ
ုမြူပဲဝေေ၀၊ အမြဲတစေ
တွေဝေနေတတ်ခဲ့သူပါ
တခါတရံသာ ရောက်လာတတ်ပေမယ့်
ကျမကတော့
အချိန်မှန် လွမ်းနေတတ်သူပါ ..
မောင် .. !

စစ်ကင်းတဲ့ မြေပြင်

မင်း .... က
ငါ့ရှေ့ကို ရောက်မလာတတ်တော့ပေမယ့်
ငါ့ရင်ထဲမှာ တော့
ထာဝရ နေရာယူခဲ့သူပါ ..




အဖြူရောင်သံရောဇဉ်တွေ
ငါဆေးဆိုးခဲ့တာ မဟုတ်ပါဘူး
မတော်တဆ
စွန်းထင်းသွားခဲ့တာပါ ..

ငါ့မျက်ဝန်းတွေက မင်းအပြုံးလေးကို
မက်မောတယ်
ငါ့နားတွေက မင်းစကားသံလေးကို
တပ်မက်တယ်
ရိုးရိုးလေးပဲ ချစ်ခဲ့တယ် ..

သိုဝှက်ထားခြင်းတွေ
အရာမ၀င်တော့ဘူးဆိုလည်း
ငါ့အချစ် .. အလွမ်းတွေ
ခြေရာထင်ဆဲပါ ..
ချစ်ခြင်းတရားဆိုတာ တွေ့ဆုံနေမှ
တည်မြဲတာ မဟုတ်တာပဲ ..

ချစ်သူရယ် ...
မုန်းချင် မုန်းပါ
မပုန်းပါနဲ့
ငါဟာ နင့်ရဲ့ရန်သူမှ မဟုတ်တာပဲ ...

မင်းအတွက်ဆို
ငါ ...................
လက်နက်ချပြီးသားပါကွယ် ... ။

Friday, May 8, 2009

မင်းအနားနား နေပေးပါ

Friday, May 8, 2009 1
မင်းအပြုံးတွေက
ငါ့ကို တကယ်ပဲ ကြည်နူးစေသလို
မင်းမျက်လုံးတွေ က
ငါ့ကို တကယ် ရင်ခုန်စေတယ်


မင်းအနားရှိချိန်လေးတွေ
ငါ့ စိတ်ကလေး အေးချမ်းနေသလို
မင်းနဲ့ ဝေးချိန်လေးတွေ
ငါ ဆွေးနေတတ်တယ်

မင်းစကားသံလေးတွေ
ငါ့အတွက် အားဖြစ်စေခဲ့တာ
မင်း .. ကိုတော့ ငါ ပြောပြမိတော့မှာ
မဟုတ်ပါဘူး ....

ငါပျော်နေဖို့ နင့်ကို ငါ့အနားမှာ
ခေါ်ထားသင့်သလား
နင်စိတ်ချမ်းသာဖို့ နင်လိုရာသွားခွင့်
ပေးလိုက်ရမှာလား
လွန်မဆွဲချင်ပေမယ့်
ငါ့ရင်ထဲမှာ ဒွန်တွဲနေခဲ့တယ် ..

မတွေးဘဲလည်း ရင်ထဲမှာ
ခပ်ရေးရေး အမြဲရှိနေတယ် ..

ဝန်ခံခွင့်တွေ မရလည်း
ငါဝန်ခံပါရစေ ..
အတွေးတောင် မဝေးရဲပါဘူး
ငါနင့်ကို ချစ်နေတာ
ချစ်တယ် ဆိုတဲ့ စကားနဲ့ တင်
ငါ့ခံစားချက်တွေ မလုံလောက်နိုင်တော့ဘူး ..

ငါတကယ်ဆုတောင်းမိတယ်
နင်ဟာ ....
မပြောဘဲ ကြားသူ
မမြင်ဘဲ သိသူ သာ ဖြစ်ပါစေတော့
ပြောပြခွင့် မရှိတဲ့ ငါ့ခံစားချက်တွေ
နင့်ကိုပဲ ကြားစေချင်နေသူမို့ပါ

မြိုသိပ်ထားရတဲ့ အချိန်တွေ
နှစ် ၊ လ ၊ ရှည်ကြာနေပါပြီ
မင်းအတွက် အပမ်းမကြီးဘူးဆိုရင်
ငါ့အလွမ်းတွေကို
အဆုံးသတ်ပေးပါလား
ချစ်သူရာ ...

Thursday, January 15, 2009

ကျိန်စာသင့်သူ

Thursday, January 15, 2009 8
လွမ်းစိတ်သယ်ပျိုး ၊ ရင်မှာငြိုးခဲ့
မိုး ...ဆောင်း .. နွေ .. ပြောင်း
မဟောင်းနွမ်းဘဲ
စိတ်ထဲတမ်းတ ၊ အမှတ်တရများ စွာ
လွမ်းတဲ့ည


အိပ်မက် မရောက် ၊ ခြေရာပျောက်ခဲ့
တဖျောက်ဖျောက်ရွာ ၊ မစဲသာဘဲ
ရင်လွှာဆင်းသက်
မျက်ရည်စက် ..

တကိုယ်တည်းလွမ်း ၊ နွမ်းခဲ့ရက်
တကိုယ်တည်းငို ၊ တိမ်ပြိုမိုးလို
မျက်ဝန်းစိုလည်း ..
အပြစ်မဆိုခဲ့ဘူးကွယ်

အတွေးပတ်လည်
အဆွေးရက်ဝယ် .. အကြွေးထပ်ခဲ့
ပြန်ဆပ်လှည့်ပါ .. သခင်

မျက်ဝန်းပဲ သုံးသုံး
ရုန်းထွက်ယုံမျှ ပြုံးပြလှည့်ပါ
အဲ့ဒိအခါမှ
ကျိန်စာလွင့်ပျယ် ၊ မာန်ဝင့်ထည်လို့
သခင့်ခြေရာ ၊ ပြန်လည် ဖွေရှာ
ပေးဆပ်ခွင့်ရနိုင်မှာပါ ...

မြစ်စောင့်နတ်သမီး

ငါမငိုပါဘူး ..
ပြည့်လျှံလာတဲ့ မျက်ရည်တွေ
ဘယ်သွားရမှန်းမသိလို့
ကျကျ နေတာပါ ..


ဘာရယ်မဟုတ်တဲ့
ခံစားချက်တွေ က
တခါခါ .. နင့်နဲ့များ
ပတ်သက်နေသလား
ငါ့ကိုယ်ငါ သံသယ၀င်မိတယ်

အချစ်ဆိုတာ
တခါတရံသာ လာခြောက်တတ်တဲ့
သစ္ဆေကောင်ပဲလား
ငါက ထပ်မြင်ခွင့်ရချင်တာတောင်
သူက .. လာမခြောက်တော့ဘူး

ဘယ်အရာမှ
ငါမပိုင်ပါလားဆိုတာ
မင်းကိုစွန့်ရမဲ့ အသိကြောင့်
ငါသိလိုက်တာ
ထင်ပါရဲ့

ရင်ထဲမှာတော့
မြစ်တစ်စင်း အမြဲစီးဆင်းနေတယ်
အဲ့ဒိမြစ်လေးဘေးမှာ
နှလုံးသားတစ်စုံ
အမြဲတေးဆိုနေတယ် ..

တယောအိုလေးတီးခတ်
စမ်းချောင်းလေးရဲ့ လှိုင်းဂယက်နဲ့ အတူ
လွမ်းတေးသီကြူးလို့
မင်းကိုတော့မနားဆင်လိုဘူး .........

မခန်းတော့မယ် မျက်ရည်မြစ်နဲ့
လွမ်းတေး ဖြစ်တည်နေလို့
မင်းရင်ကို နွမ်းမှာဆိုးတယ်

ခပ်တိုးတိုးလေးပဲ ..........
ငါတေးဆိုနေတော့မယ် ......... ။

ထပ်ထပ်လို့မေးချင်

ဆုံဆည်းဖို့ .. မွေးဖွါး
ခွဲခွါဖို့ ဆုံဆည်းခဲ့ကြတာ
သဘာဝပဲ မဟုတ်လား
ဒါပေမဲ့ မျက်ရည်တွေ ကတော့
လွန်ဆန်ခဲ့ကြတယ်
ကြယ်လေးတွေတောင်
ကောင်းကင်မှာ အမြဲနေခွင့်မရှိဘူး
တချိန်ချိန် ကြွေကျရသေးတယ်
အဲ့ဒိအသိကလည်း
ရင်ကို တကယ်မထိခဲ့ဘူး
ဖွင့်ဟပြောခွင့်မရခင် ..
တဒင်္ဂလေးတောင် ဝေးမသွားချင်ဘူး
ရင်ထဲက အတ္တတွေ တနေ့တခြား
ဆတိုးလာခဲ့တာ
ဖြေဆေးကြွေးမဲ့လက်တွေကို
ဘယ်အရာတွေကများ တုံ့နှေးစေတာလဲ
ငိုခွင့်မရတဲ့ မျက်ဝန်းတစုံ
ရင်ထဲမှာတော့ .. ထစ်ချုန်းနေတယ်
တကယ်ပဲ ကျမကို ထားသွားမှာလား
မောင် .............

မျှော်လင့်တလှည့်ဆုံးရှူံးတခါ

မင်းမျက်ဝန်း နဲ့ မဆုံရဲခဲ့ဘူး
အမှတ်တမဲ့ မင်းအကြည့်တွေမှာ
ငါ .. ဘာကြောင့်
ရင်ခုန်နေတတ်ခဲ့တာလဲဟာ ...


ပြုံးပြပါလို့
မတောင်းဆိုရဲခဲ့ဘူး
သူများအတွက် အပြုံးလေးတွေနဲ့
ရောင့်ရဲ ပါတယ်ဆိုတဲ့ငါ
နင့်အပြုံးလေးတွေ
ဘာကြောင့် ပိုင်ဆိုင်ချင်နေတာလဲဟာ ..

ပြန်ချစ်ပါလို့
မတောင်းဆိုချင်တော့ပါဘူး
ခင်မင်မှုတွေနဲ့ ရောင့်ရဲပါတယ်ဆိုတဲ့ငါ
နင်မသိအောင်
ဘာကြောင့်ငိုနေတတ်တာလဲဟာ

မပျိုးဘဲ ရှင်သန်ခဲ့တဲ့ မျှော်လင့်ချက်
မခူးသေးခင်
ဘာကြောင့် ကြွေဆင်းခဲ့ရတာလဲ
ရင်ထဲမှာ ကြယ်ကြွေခဲ့ပေမဲ့
လေထဲမှာတော့ မပျောက်ကွယ်ချင်ဘူး

ရူမိုက်တယ်ပဲပြောပြော
မျှော်လင့်ချက်တွေ စူးခဲ့ရတဲ့ရင်ထဲ
ထူးခြားစွာ ရခဲ့တဲ့ အနာတရတွေက
ငါ့အနာဂတ်တွေကို
မူးဝေသွားစေခဲ့တာ
ချစ်သူရေ .......
မင်းကိုတော့ မကူးစေချင်တော့ဘူး

တွေးဆွေးတဲ့ ညများ

မနာကြင်ခင် နောက်လှည့်ပြန်ခဲ့ချင်ပေမယ့်
မင်းနဲ့ ဝေးရာ ထွက်သွားရမဲ့
ငါ့ခြေလှမ်းတွေ တုံ့နှေးခဲ့ရတယ်
တကယ်တမ်းကျုပြန်တော့လဲ
မင်းရှိရာ လာခွင့်လဲ မရှိသူပါ
အဖြူရောင်သံရောဇဉ်တွေ
တဖက်သတ် ဆေးဆိုးချင်နေခဲ့တာ
ငါ့အမှားများလား
ေ၀၀ါးစွာပဲ .. ငုံ့တုံ့ထိုင် မှိုင်ခဲ့ရတာ
ညပေါင်းများစွာပဲ
တယောက်တည်းရင်ထဲမှာ ..
ကြယ်ကြွေခဲ့ရပေါင်းလည်း မနဲတော့ဘူး
မင်းက လမင်းကို ငေးချိန်
လမင်းဘေးက ကြယ်ပွင့်လေးငါ
မင်းကိုကြည့်ပြီး ပြုံးနေတတ်တာ
တနေ့တော့ မင်းမြင်လာမှာပါ .. ။

အဖြည့်ခံရင်ခွင်

ငါက
မင်းပြုံးနေရင် .. ကျေနပ်သူ
မင်းငိုနေရင်.. အနေခက်သူ
မင်းကိုမတွေ့ရင် ..မနေတတ်သူ
မင်းကို ဒီလိုချစ်နေသူပါ ..


မင်းလိုသမျှ ပေးဆပ်ချင်သူ
မင်းပိုနေမှ ငါ့အတွက်ကြည့်သူ
မင်းမှားသမျှလည်း မငြိုငြင်တတ်သူ
မင်းကို ဒီလို ရူးသွပ်သူပါ

မင်း..ဆိုတဲ့ အသိလေးနဲ့တင်
ငါ..အခါခါ ရှူံးခဲ့သူ
မင်းမချစ်နိုင်တဲ့ ...မင်းရဲ့
အနီးဆုံးသူပါကွယ် ... ။

လှည့်ကြည့်မနေပါနဲ့တော့

ဝေးဖို့ပြောမဲ့ နှုတ်ခမ်းထက်က
စကားတွေ .. တားဆီးပါရစေ
ကျမ ကြားနိုင်စွမ်း မရှိတော့ဘူး
............ကို


မျက်ရည်စက်တွေ တောင်
ချစ်သူ့ရင်ခွင်
ခိုဝင်ခွင့် မရမဲ့အချိန်တွေ
လွတ်လပ်စွာကျမကို မုန်းခွင့်ပေးပါ

တိတ်တဆိတ် ထွက်သွားမဲ့
အချိန်တွေ အတွက် ..
အတိတ်မေ့လိုက်ချင်တယ် ..........
ကျမမှာ သတ္တိတွေ မရှိတော့ဘူး
.........ကို

တိုးတိတ်စွာ ဟစ်အော်နေမဲ့
အသံတွေ နားစွင့်မနေပါနဲ့တော့
မလွမ်းတတ်ချင်ပေမဲ့
လွမ်းစိတ်နဲ့ နွမ်းရမဲ့ ရက်တွေ
ကျမတယောက်တည်း
ဖြတ်သန်းခွင့်ရချင်တော့တယ် ......

မသိသလို သာနေလိုက်ပါတော့
ကို