Thursday, May 5, 2011

တိတ်တဆိတ် ငိုမယ်

Thursday, May 5, 2011 0
မာနလေး မရှိတဲ့ ကျမ အပြုံးကို
သူ့နှလုံးသား က ရင်မခုန်တတ်ခဲ့ပြန်ဘူး

စိတ်မပါတဲ့ သူ့အပြုံးတွေကျ
ကျမ ရင်ခုန်ရပြန်ရော ...

အဖြူထည်ကျမ အချစ်ကို
အပြစ်မတင်လိုပါဘူး ....

မောင် လို့
တမ်းတမိ တဲ့ တခဏ ဟာ
နှလုံးသား မှာ နာကျင်ရပြန်တယ် ..

မမုန်းပါ နဲ့
အရှုံးများ နဲ့ ကျမက
မျက်ရည် မကျချင်တော့ဘူး .. ။

သူ့အပြုံးတစ်ခုမှာ
ရုန်းမရခြင်း ဟာ
ကျမ အရှုံး သက်သက်သာ ဖြစ်ပါစေတော့ ... ။

နှလုံးသားက ရုန်းမထွက်ဘူး ဆိုမှတော့
အဆုံးဆိုတဲ့ သတ်မှတ်ချက်တွေ
ခိုးခိုးတွက်မနေတော့ဘူး

အလွမ်းတွေ နဲ့
ပျော်အောင်နေမယ်
အလွမ်းတွေ နဲ့
ပျော်အောင် အိပ်မယ်
တိတ်တဆိတ် မျက်ရည်ကျခြင်းမှ
အပ ........

12:05 am
14. 9. 10 ( Tuesday )

ရွာသွန်းဖြိုးစေ .. အလွမ်းမိုးရေ

ဘ၀ရေစိုဖို့
အိပ်မက်ပြိုသလိုမျိုးပေါ့

ဒါဆင်ခြင်တွေပါပဲ ..... ။

ဘ၀ကို တည်ဆောက်ရမှာ
အချစ်က
အညှီအဟောက် ဖြစ်သွားဖို့မလိုပါဘူး

ရင်ခုန်ခဲ့ရတာချင်း အတူတူ
မင်းက ငြင်းဆန်ရက်သူ

ကံကို ယိုးမယ်ဖွဲ့လို့
သတ္တိနဲခဲ့မှတော့
ငါဆိုးနွဲ့ခဲ့တာလည်း
မင်းအတွက် မာယာပေါ့

မုန်းချင် ... မုန်းပါ ချစ်သူ

မိုးပြိုပြီးသား ကောင်းကင်ဟာ
မိုးညိုမှာ မကြောက်တော့ပါဘူး

မစဲတော့မဲ့ အလွမ်းမိုး
ထပ်သဲချင်သဲပါစေတော့ကွယ် ............။

2.6.10
Wed
3:00 am

သူ့အပြုံးနဲ့ ဖန်ဆင်းနေတဲ့ မနက်ဖန်

နေ၀င်မသွားတဲ့ ညနေခင်းများစွာမှာ
ငှက်ကလေးတွေလည်း အိပ်တန်းမတက်ကြဘူး

စိတ်သုဉ်းမှုတွေ ဖိတ်သွန်ကျ
ကမ္ဘာမြေက မလှပတော့ဘူး

နင်ကိုယ်တိုင်တားထား တဲ့ စည်းကို
ငါကိုယ်တိုင် ခြားရက်ပါ့မလား
တွေဝေရင်း ..
ဝမ်းနည်းရင်း ........

ဝိုင်းစက်တဲ့ လမင်းကြီးတောင်
မငေးဖြစ်တာ ကြာခဲ့ပေါ့
အမှတ်တယ တွေကို မေ့ထားလို့ရမလား
ကြိုးစားခဲ့ပါသေးတယ်

လွမ်းမောမှု တွေ အိပ်မောကျအောင်
ချော့သိပ်တဲ့ည
အိပ်မက်ထဲ နင်ကရောက်လာတယ်
အဲ့လိုမနက်ခင်းတွေ မှာ
နင့်အပြုံးတွေ ငါ လိုက်မရှာဘူး

ခေါက်သိမ်းလို့မရတဲ့ ဝေဒနာမှာ
ခေါက်ရိုးကျိုးရာတွေ မရှာပါရစေ နဲ့ တော့
အကောင်းဆုံးကို ဆုံးဖြတ်ကြကျေး ဆိုရင်
နင့်ဘေးမှာ ငါမရှိနေခြင်းကို
နင် မြတ်နိုးမှာမဟုတ်လား

ချစ်သူ
ငါဒီလို ဆုံးဖြတ်ရဲချင်ပါတယ်
နင်ဘယ်လို သုံးသပ်လိုက်မှာလဲ

သိချင်သေးတဲ့ ငါ့စိတ်တွေက
နှိပ်ကွပ်မရဘူး

ပတ်ဝန်းကျင်က တကူးတက
ပြောတတ်ကြပြီ
နင်ဟာ " အချစ်ရူး " ပါ တဲ့ ...........။
တကယ်လည်း ယစ်မူး တပ်မက်ခဲ့ရပါတယ် ။

ဘယ်လိုဖြစ်ဖြစ်ပေါ့လေ

မနက်ဖန်တွေ ...
မနက်ဖန်တွေတိုင်း ကို
ငါ့ရင်ခုန်သံပေါ် နင့်အပြုံးလေးတွေ
ဖြတ်လျှောက်နေသရွေ့
ငါပျော်နေမယ်
ငါမျှော်နေမယ်
မျှော်လင့်ခြင်းတွေမှာ
အသုံးမကျစွာ ပျော်နေပါ့မယ် ချစ်သူ ............။

11း50 pm
Sat
13.6.10

မတွေးချင်ဘူး

အတွေးနဲ့နွမ်း
အုံ့ပုံးပန်း
ကိုယ်လွမ်း နေရသည် ။

ပြောဖို့မရဲ
နှုတ်ဆိတ်ဆဲ
ရင်ထဲ ငိုရသည် ။

သူမချစ်ဘူး
မျက်ရည်လူး
ကိုယ်ရူး သွားချင်သည် ။

00 : 05 am
7.12.09
( Monday )

အတိတ်တထွာ အရိပ်ပမာ

မိုးလင်းဖို့လည်း တားမရဘူး
မိုးချုပ်ဖို့လည်း တားမရဘူး
ဒီကြားထဲ
ငါ့ အလွမ်းတွေက အားမရဘူး

အတိတ်စာမျက်နှာတွေ
လာလာ လှန်သွားတဲ့
လေညှင်းတွေကို ငါမုန်းတယ်

ပျက်သုဉ်းမသွားမဲ့
အချစ်တစ်ခု က
မင်းအတွက်တော့
ဒဏ္ဍာရီ မဆန်ခဲ့ဘူးပေါ့

မုန်းစေချင်နေတဲ့ မင်းဆန္ဒတွေ
ဆန့်ကျင်ရလို့
ဟန်ပျက်ချင် ပျက်နေလိမ့်မယ်

ကျေးဇူးပြုပြီး
မာန်မတက်ပါ နဲ့ ချစ်သူ

ဒူးထောက်ဖူးခဲ့ တာတွေဟာ
ရူးမလောက်ချစ်ခဲ့တာပါဆို
ထူးထူးခြားခြား မင်းမတွေးတတ်ရင်
နေပါစေတော့

ငါ့ညတွေက
ရော်ရွက်ကြွေတဲ့ နွေလိုပဲ
ငါ့နှလုံးသားကတော့
အနွေးဓာတ်မဲ့ခဲ့ရတယ်

မင်းခြေစုံလှည့် သွားတဲ့ အကြောင်း
တွေး ... ရင်း ... ဆွေး ... ရင်း
မနက်ဖန်ဆိုတာ
ငွေ့ငွေ့လေးပဲ ကျန်တော့တယ် ... ။

ည နဲ့
အတိတ်က
ထပ်တူကျသွားတော့ ...........။

အိပ်မက်တွေက တော့ အငွေ့ပျံသွားခဲ့ပေါ့
ချစ်သူ .... ။

2.6.10
Wed
3:10 am