Monday, November 10, 2008

ကဗျာမချစ်သူကို .. ငါချစ်တယ်

Monday, November 10, 2008 7
ငါ့ဝေဒနာ စာသားလေး တွေ
မင်းအတွက် ဟာသ မြောက်ခဲ့တယ် ဆိုရင်လည်း
မင်းအပြုံးလေးတွေ အတွက်
ငါ ကြည်နူးပါတယ်


ငါသီကုံးခဲ့ သမျှ စကားလုံး
မင်းအတွက်ချည်းသာ ..
မင်းမဖတ်ဖြစ်ခဲ့လည်း
ငါ့ကဗျာလေးတွေ ..
မွှေးနေဆဲ .. ရေးနေမြဲပါ ..

ငါ့ကဗျာ အပင်အောက်သာ
မင်းထိုင်စောင့်နေခဲ့ရင်
အချိန်တိုင်း ကြွေကျနေတဲ့
မျှော်လင့်ခြင်း သစ်ရွက်လေးတွေ
မင်းတကိုယ်လုံးတောင်
ဖုံးလွှမ်းသွားလောက်ပါရဲ့ ..

ရင်ထဲမှာ .. နွေ .. မိုး .. ဆောင်း
တလှည့်စီသာ ပြောင်းခဲ့ပေမဲ့
ဘယ်တော့မှ လဲကျမသွားမဲ့
သစ်ပုတ်ပင်တပင်
ငါ့ရင်ထဲမှာလဲ ရှိနေတယ် .. ။

ပြန်ချစ်နိုင်ဦးမှာလား .............

တသက်တခါ
ကြည်နူးရင်ခုန်တတ်လာတာ
မင်းနှုတ်ခမ်းတစုံကြောင့်များလား ..


အမုန်းမထင်ဟပ်
ပြုံးလျက်နေတဲ့ မင်းမျက်ဝန်းမှာ
အချစ်ဆိုတာ ရှာမတွေ့ခဲ့လည်း
တဖက်သက် အချစ်တွေမှာ
ပျော်လို့နေတတ်ခဲ့တယ်

နူးညံ့သွယ်လျတဲ့ ...
လက်ချောင်းလေးတွေနဲ့
မင်းနှလုံးသားတံခါးကို လာခေါက်တဲ့အခါ
အပြုံးတပွင့် နဲ့ နိုးထခဲ့ရင်
အနမ်းထပ်ဆင့် ခြွေလင့်ခဲ့ပါမယ်

ယုံပါချစ်သူ .....
ငါ့မျက်ဝန်းတွေက
မင်းကိုပဲ မြင်တတ်ခဲ့တာ
ငါ့နှလုံးသားက မင်းအတွက်ပဲ
ရင်ခုန်တတ်ခဲ့တာပါ ..
မင်းကသာ .........
မသိသလို နေတတ်ခဲ့တာပါ

မျှော်နေမိသူ ...

ချစ်ခွင့်၊ လွမ်းခွင့် ၊ ဆွေးခွင့် တွေကို ..
နင်မသိအောင် .. နင့်နောက်ကွယ်မှာ
အများကြီး ခိုးယူထားခဲ့ပေမဲ့
မင်းနှလုံးသားကို ဖဲ့ယူဖို့ကျ
ငါ့လက်တွေ တုံ့နှေးခဲ့ရတာ
ငါ့ရင်ခွင်မှာ နင်မပျော်မှာ
တခုတည်း အတွက်ပါ ..
ပေးဆပ်ခြင်းမှာ ဂုဏ်ယူလို့
ငါ့နှလုံးသားတစုံ ပျော်မြူးနေခဲ့တာ
မဟုတ်ပါဘူးကွယ် ..
ကြည်နူး .. ကြေကွဲ ဒွန်တွဲလို့
ဒီရင်အစုံ .. ကွဲမသွားယုံလေးတင်ပါပဲ
မျှော်လင့်ချက်တွေ တိုးတိတ်စွာပဲ
ငါ့နှလုံးသားထဲ ..
သိမ်းဆည်းထား ဦးမှာပဲ
နင်ပြန်ချစ် လာမဲ့ နေ့ကို
စောင့်မျှော်ရင်းပေါ့ကွယ် .... ။

ငါ့ပုံပြင်

ရှာဖွေလေ .. ပျောက်ဆုံးနေ
မျှော်လင့်လေ .. ဝေးလေ
နင့်ရဲ့ အချစ်ကို
ဘယ်သူဦးသွားခဲ့တာလဲ ကွယ် ..


နင်မမြင်အောင် ..ရွာတဲ့မိုး
မစဲပဲ ..သဲခဲ့တယ်
ကြွေဆင်းနေတဲ့ ခရေပွင့်လေးတွေ
ငုံ့မကြည့်ပဲ နင်းဖြတ်သွားသူက
နင် ...... ပါပဲကွယ်

အချစ်ဆိုတာ ..
လုယူစရာမှ မဟုတ်ဘဲ
ကွယ်ဝှက်ထားလို့လဲ
ပျောက်ပျက် မသွားပါဘူး
တောင်းဆိုလို့ ညိုငြင်မှာကို
မလိုလားခဲ့သူမို့
ငါ့မျှော်လင့်ချက်တွေ ငါမြေမြှုနေချိန်
ငါ့မျက်ရည်စက်ကလေးတွေကတော့
ငါ့ဘေးမှာ ရှိနေလေရဲ့ .....................

Sunday, November 9, 2008

ပိုင်ဆိုင်ခွင့်မရှိတော့ရင် ..........

Sunday, November 9, 2008 1
ငါ့ရဲကမ္ဘာငယ်လေး
ခြောက်သွေ့လွန်းပါတယ်
မင်းနဲ့ ဝေးနေတဲ့ အခါ


ငါ့အလွမ်းဒဏ်ရာတွေ
ပြင်းရှလွန်းပါတယ်
မင်းပြန်မလာတဲ့အခါ

ငါ့မျက်ဝန်းလေးတွေ
ငိုရပါတယ် ..
မင်းကျောခိုင်းနေတဲ့အခါ

ငါ့မျှော်လင့်ခြင်းတွေ
မြေမြှုခဲ့ပါတယ်
မင်းနဲ့ မင်းချစ်သူကိုတွေ့တဲ့အခါ

ငါ့ပျော်ရွှင်ခြင်းတွေ
သေဆုံးခဲ့ရတယ်
မင်းကို ငါ့ဘ၀ထဲက
ထုတ်ပယ်ဖို့ ကြိုးစားတဲ့အခါ ...

ဝေးခဲ့ချိန်လေး

လာရင်ပျော်
မလာရင် မျှော်လို့နေသူ
ရင်ပူလို့ဆွေး ။


မျက်ဝန်းစို
ရင်ခွင်ကငို လို့နေရဲ့
ဝေးခဲ့ချိန်လေး ။

နင့်ချစ်သူမဟုတ်တဲ့..ငါ

ချစ်သူ ...
နင်အသက်တခါ ရှုလိုက်တိုင်း
ငါ့မျှော်လင့်ချက်တွေ တခါ
ကြွေကျခဲ့တယ် ...
ကောက်ယူတန်ဖိုး မထားတတ်ခဲ့ရင်လည်း
နင်းချေရက်စက်လို့ မသွားပါနဲ့
ငါကိုယ်တိုင် သီခဲ့ပေမဲ့
နင့်ကိုတော့ မချည်ရက်ခဲ့ဘူး ...
ဆုံလိုက်တိုင်း ခုန်ခဲ့ရတဲ့ ရင်တွေ
မဆုံတဲ့ အခါကျ မျှော်ခဲ့ရတဲ့ အချိန်တွေ
တာဝန်တရပ်ဖြစ်ခဲ့တာ
နင်နဲ့ ဆုံပြီးကတည်းကပါ ..
မဆုံနိုင်တဲ့ စက္ကန့်လေးတွေ လည်း
ငါလွမ်းတတ်ခဲ့တယ် ...
ဝန်ခံခွင့်မရခဲ့တာတောင်
ငါ့မျက်ဝန်းတွေ စည်းဖောက်ခဲ့တာ
နင့်ရှေ့ရောက်တိုင်း မဟုတ်လား
တကယ်တော့ ရှိအပ်တွေ မာယာတွေကို
နင်က အသိခက်နေတာပါ ..
မမျှော်လင့်တော့ပါဘူး ..
မင်းမျက်ဝန်းထဲက အမှန်တရား
ငါတကယ်မရှာရဲခဲ့ပေမဲ့
ဝေးသွားမှာတော့ တကယ်ဆိုးပါတယ်
မထားခဲ့ပါနဲ့လည်း တားခွင့်မရှိသူပါကွယ် ...။

ဟိုက်ကူကဗျာ

လွမ်းကဗျာသီကုံး
ရင်တခုလုံး ဖုံးလောက်ရဲ့
သူတော့ မဖတ်ခဲ့

ဟိုက်ကူကဗျာ

မင်းမျက်ဝန်းနက်နက်
ဘ၀င်အသဲ စွဲထင်လျက်
မေ့ပစ်ဖို့က ခက်

ဟိုက်ကူကဗျာ

တိတ်တခိုးစိုးမိုး
ဝေးသွားမှာလဲ တကယ်ဆိုး
စိုးစိတ်တို့လွှမ်းမိုး

ဟိုက်ကူကဗျာ

မောင့်သက်ရှုသံလေး
လေပြေလေးလိုရင်မှာအေး
နားဝင်ချိုတဲ့တေး

ဟိုက်ကူကဗျာ

တူလျှောက်ဖူးတဲ့လမ်း
ရောက်ခဲ့တိုင်းလည်း တွေးလို့လွမ်း
အတိတ်ကိုမျှော်မှန်း

ဟိုက်ကူကဗျာ

လာနေကြလမ်းလေး
ဆုံလိမ့်နိုးနဲ့ မျှော်လို့ငေး
ရင်လည်း ခုန်နေသေး

ဟိုက်ကူကဗျာ

သူ့ခေါ်သံလေးကြား
ရင်ခုန်သံတွေ မြန်လွန်းသွား
အသည်းလေးက ဖျား