Sunday, June 21, 2009

သစ်ပင်အို နဲ့ ငှက်ငယ်

Sunday, June 21, 2009 15
အပျံသင်စ
ငှက်ကလေး တစ်ကောင်
ငါ့ရင်ခွင် ကိုင်းထက်မှာ
လာနားဖူးတယ် ...
( သူက အမှတ်တမဲ့ ပါပဲ )

တစ်နေ့တစ်ပင်
သူရစ်ခွင်လို့
ရင်ခွင်ကိုင်းမှာ
တစ်နေရာ စာသူယူသွားတယ် ။
( အသိုက်အမြုံ တစ်ခုရယ်ပေါ့ )

ဒီလိုနဲ့ အိပ်တန်းတက်ချိန်တွေ
မျှော်တတ်သူက .. ငါ
ရောက်မလာတတ်တဲ့အခါ
ရင်ထဲမှာ .. စစ်ခင်း
လမင်းတစ်စင်း တိမ်ဖုံးသွားတယ်

သြော် ...
သူပျော်ရာ ကောင်းကင်ကျယ်သာ
ဖြစ်ခွင့်ရရင် .. ဆိုတဲ့အတွေး
ရင်ကို တကယ်ဆွေးသွားစေပါတယ် ။

ရင်ခွင်အိုကို နာကျင်စေလိုရင်တောင်
ငါမင်းကို ဘယ်တော့မှ မငြိုငြင်ပါဘူး ..

ငှက်ကလေးရေ ...
မင်းမခြွေပေမဲ့
နွေကတော့ ငါ့အရွက်တွေ ခြွေမှာပဲ
မင်းမရှိရင်တော့
ဆောင်းက ငါ့အရွက်တွေ
ပြန်ဝေနိုင်မှာ မဟုတ်တော့ဘူး ..

တစ်နေ့နေ့မှာ အတောင်ဖြန့်ကျက်လို့
ငါ့ရင်ခွင်ရဲ့ ဆန့်ကျင်ဘက်တနေရာ
မင်းပျံသွားမှာ ငါစိုးတယ်

ငါနေ့တိုင်း ငိုနေပါတယ်
ငှက်ကလေးရေ ............... ။

ကျမ ချစ်မိ အပြစ်ရှိ၏

ဝန်မခံချင်ပါဘူး .. မောင်ရယ်

သိက္ခာတွေ မစတေးချင်လို့
မဟုတ်ဘူးနော် ....
ပျက်ရယ်ကာ ပြုလေမလား
တွေးပူခဲ့ရသူပါ ....

ရင်ထဲမှာ အထပ်ထပ်ရစ်
အတွေးနစ်သူ ကျမ
နှလုံးသား နွမ်းရစ်အောင်
ချစ်ခဲ့ရသူပါ .....

သိနေမှာပါလေ ..
ဟန်ဆောင်ကာထားလည်း
လွန်ဆန်ကာသွားခဲ့တဲ့
ဒီမျက်ဝန်းတွေ
အပြစ်ပေးလိုက်သင့်သလား ?
ဆုံးဖြတ်ရ ခက်လွန်းသူပါ ...

အပြစ်ဒဏ်အဖြစ်
သေဒဏ်ခတ်မယ်ကြံတိုင်း
အယူခံ ၀င်နေတဲ့ ကျမ မျက်ဝန်းတွေ
မိုးထပ် မပြိုစေချင်တော့ဘူး ..
ခွင့်လွှတ်ပေးပါ ... မောင်ရယ် !

ကျမက အလွန်သတ္တိနဲ လွန်းသူပါ ... ။

တကယ်တော့ ငါဟာ

မင်းအကြည့်တစ်ချက်မှာ
ငါ အထပ်ထပ် တုန်လှုပ်ခဲ့ရတယ်
တကယ်တော့ .... ငါဟာ
ကန်ရေပြင်နဲ့ တူသော မိန်းမပါ ..

မင်းအပြုံးတစ်ခုမှာ
ငါ အခါခါ ကျရှူံးခဲ့ရတယ်
တကယ်တော့ .. ငါဟာ
ကမ်းပါး နဲ့ တူသော မိန်းမပါ ..

မင်းစကားလုံးတွေကြားမှာ
ငါ အခါခါ ကြွေဆင်းခဲ့ရတယ်
တကယ်တော့ ငါဟာ
ကြယ်ပွင့် နဲ့ တူသော မိန်းမပါ ...

လွမ်းတိုင်းမှာ မှိုင်းတယ်
ငိုတိုင်းမှာ ပြိုတယ်
နင် အနားမှာ ရှိချိန်တော့
ကမ္ဘာမြေကြီးကို လင်းလက်သွားစေတယ်
တကယ်တော့ .. ငါဟာ
ကောင်းကင် နဲ့ တူသော မိန်းမပါ ... ။

freedom

နင်နဲ့ ငါကြားက
တံတိုင်းလေး တစ်ချပ်
ငါ့ နှလုံးသား တွန်းကန်အားနဲ့
ဖြိုဖျက်ခဲ့မယ် ဆိုရင်
မင်း .. ကျေနပ်နိုင်မလား ?

ယိုင်လုလု တံတိုင်းလေးတစ်ချပ်ကို
မင်းဘယ်လို ခံနိုင်အားတွေ နဲ့
တွန်းကန်ထားရတာလဲ
( ဆိုပါ ) ချစ်သူ ...

မင်းမရှိတဲ့ .. ည
လမသာပါဘူး ....
မင်းမရှိတဲ့ ... ည
ကြယ်လေးတွေလည်း မကတော့ဘူး ။

မင်းမရှိတဲ့ ဆည်းဆာ
အလွမ်းတွေက နေ၀င်မသွားဘူး
မင်းကို လွမ်းတဲ့ ဆည်းဆာ
မျက်ရည်တွေက နှုတ်ဆက်မသွားဘူး .. ။

မသိစိတ်နဲ့ သိစိတ် လွန်ဆွဲပွဲမှာ
ချစ်စိတ်က ပြန်ပေးဆွဲသွားတယ်
ငါ့ကိုကယ်တင်နိုင်စရာ
မင်းမှ တပါး အခြားမရှိပါဘူး ။

ငါ ... အကျဉ်းထောင်မှာ
တကယ်မနေလိုပါဘူး ..
သံတိုင်တွေ ကြားက
မင်းကို အမြဲ ...
မျှော်ငေးနေမိသူပါ
ချစ်သူရယ် ..... ။

ကြမ္မာဆိုး

သခင် သွားလိုရာ ၊ ကျမ မတားပါဘူး
ဝေးဖို့ သတ္တိတွေကြိုးစားမွေးခဲ့သူရပါလေ .. ။

မြင်လှည့်ပါ သခင်
ရင်ခွင်ရဲ့ တင်းကြပ်မှုတွေ
ဘယ်အရာက အံတုနိုင်မှာလဲ ?

ဝေးရမယ် တွေးဆမိတိုင်း
ဘေးကနေ အဖော်ရောက်လာသူက
မျက်ရည်စက်ကလေးတွေလေ .. ။

နှုတ်ခမ်း တစ်စုံပြုံးလို့ နေတတ်ချိန်မှာ
နှလုံးသား တစ်စုံ နုန်းလို့ နေတတ်ပြန်ပါရော

ဖြေတွေးနေခဲ့ပေမဲ့
အနေမအေးရတဲ့ အချိန်တွေ ..
ဘယ်လောက်ထိ စိုးမိုးထားမှာလဲ ?

အချိန်တွေကို ရပ်တန့်စေချင်သလား
ကုန်ဆုံးစေချင်သလား
အို .... ကယောင်ချောက်ချား နဲ့
နောက်ဆုံးတော့ ...............
ကံကြမ္မာသာ ငါ့ရဲ့ မုန်းတီးရာ !