Sunday, April 27, 2008

ဒါကိုကကြည်နူးစရာမို့လား ?

Sunday, April 27, 2008 0
မကြုံဖူးလို့
ရူးရသည်မို့လား မသိ
သူ့အကြည့်က ရင်ကိုထိမိ
ဗြောင်းဆန်သွားတဲ့
ရင်ခုန်သံလေးတွေနဲ့အတူ
ငါ့အကြည့်လေးတွေနဲ့
သူ့ရင်ကိုပြန်လည်
နွေးထွေးစေခဲ့တယ် .. ။

ကိုယ့်ဆန္ဒ

စိမ်းကားရက်စက်
သူမုန်းရက်လဲ
ကိုယ့်ဘက်ကတော့
တဖတ်သက်ဖြစ်
ဆက်ချစ်နေမယ် ။

တန်ခိုးရှင်

မချစ်ဖူးခဲ့သမျှ
သူနဲ့ကျမှ
ရူးသွပ်ခဲ့ရပြီ ... ။

တောင်းပန်ပါရစေ (၁)

ငါ့နှုတ်ခမ်းပါးကစကား
မင်းနားမှာ ခါးစေသလား ?
ငါ့ရင်ထဲက အလွမ်း
မင်းသိက္ခာကို နွမ်းစေသလား ?
ငါ့ရဲ့အချစ်
မင်းအမြင်မှာ အပြစ်ဖြစ်နေသလား ?
ငါ့ရဲ့အပြုံး
မင်းမျက်လုံးမှာ ရှုပ်နေသလား ?
ငါ့စရိုက်က
မင်းအတွက် အမှိုက်ဆိုရင်လည်း
ခွင့်လွှတ်ပါကွယ်။

Thursday, April 24, 2008

ဝေးတဲ့အခါ

Thursday, April 24, 2008 0
တွေ့ရင်ပျော်
မတွေ့ရင်မျှော်
လွမ်းစိတ်ကလေးစော
တကယ်မောပါတယ်
ချစ်သူရယ်

ဟန်မဆောင်တတ်ပေမဲ့ ဟန်ဆောင်ခဲ့တယ်

ငါ့ကြေကွဲသံတွေရယ်
ငါ့ငိုရှိုက်သံတွေရယ်
မင်းမကြားနိုင်ဖို့ အတွက်
ငါဟန်ဆောင်ပြုံးဖူးတယ်


ငါ့မာနရယ်
ငါ့သိက္ခာရယ်
အရာင်မပျယ်ဖို့အတွက်
ငါဟန်ဆောင်မုန်းဖူးတယ်

ဒါပေမဲ့
ငါ့အချစ်တွေရယ်
ငါ့မျက်ရည်တွေရယ်
ပကတိ ဟန်ဆောင်ခြင်းကင်းခဲ့ပါတယ်

Tuesday, April 22, 2008

လွမ်းစိတ်

Tuesday, April 22, 2008 0
လေပြေလေးတွေနဲ့ဆော့ကစား
အလွမ်းပြေမလားလို့
ငါကြံဆကြည့်တယ် ။


လှိုင်းကလေးတွေမှာမျှောသွား
အလွမ်းပြေမလားလို့
မေ့ထားကြည့်တယ်

သောင်ပြင်တွေမှာ ပြေးလွှား
ခဏပျော်မလားလို့
စမ်းသပ်ကြည့်တယ်

မထူးမခြား အရာရာဟာ
စိတ်ပျက်သွားလောက်အောင်
လွမ်းစိတ်က စိုးမိုးထားပုံများ
အံ့သြလိုက်တာကွာ .. ။

နွေ

သစ်ရွက်လေးတွေ
တဖြုတ်ဖြုတ်ကြွေ
နွေဦးရဲ့ လေပြေဆိုတာ
ဒါပဲလား ?
ပူလောင်ခြင်းတွေ အစပျိုး
အလွမ်းတွေဆတိုး
ပိုလို့အထီးကျန်စေတာ
နွေပဲလား ?
နွေဦးရဲ့ လေရူးနဲ့အတူ
တမူထူးလို့ဝေဒနာတွေ ယစ်မူးစေတာ
နွေပဲလား ?
ပိုလို့လောင်ကျွမ်း ဒီအလွမ်း
စုန်ကန်မရအောင်
ချုံလွှမ်းထား
အဲ့ဒါနွေကမ္ဘာလေးပါ .. ။

Monday, April 14, 2008

အမြင့်ဆုံးမှာ

Monday, April 14, 2008 0
ဝေးနေရချိန်မှာ
မျက်ရည်မကျခဲ့ပေမဲ့
ရင်ထဲက
အလွမ်းတွေက
အမြင့်ဆုံးမှာပါ.. မောင် !

မင်းသိမယ်မထင်ပါဘူး

အပယ်ခံနှလုံးသားမို့
ငိုနေခဲ့သူ ..
မင်းခံစားတတ်မယ်မထင်ပါဘူး


တိတ်တခိုးလေးချစ်နေသူမို့
ငါ့ခံစားချက်ကို
မင်းသိမယ်မထင်ပါဘူး

မင်းစေလိုရာမှာနေ
မင်းဘေးကအရိပ်လေး
မင်းအတွက်အေးမြမယ် မထင်ပါဘူး

တပါးသူကိုရည်စူးလို့
မင်းကြည်နူးချိန်
ငါ့မျက်ရည်တွေ
မင်းမြင်တတ်ခဲ့မယ် မထင်ပါဘူး

ယခုပဲပေးပါ

အတိတ်ဆိုတာ
စွန့်လွှတ်လိုက်ရသလို
အနာဂတ်ဆိုတာလဲ
မပိုင်ဆိုင်သေးပါဘူး
ဆုံဆည်းစဉ်ခဏ
ယခုပ(စ္စုပ္ပန်) အချိန်မှာပဲ
မင်းရဲ့ ကိုယ်ပိုင်
နှလုံသားစစ်စစ် တခုကို
ငါပိုင်ဆိုင်ပါရစေလား
ချစ်သူရရ် ...

Sunday, April 13, 2008

သူပြန်လာမှာလား ?

Sunday, April 13, 2008 0
အနေကြာလို့
ဖြေသာတယ်ဆိုပေမဲ့လည်း
မင်းပြန်အလာကို
စောင့်မျှော်နေခဲ့ ..
လာနေကြလမ်းလေးမှာပါပဲ ... ။

ကိုယ်ဟာအရင်အတိုင်း

တမ်းတမိခဲ့ အခါခါ
နေ့များစွာဟာ
ရိုးမသွားခဲ့ပါဘူး


လွမ်းနေရတာ ရင်နှင့်အမျှ
ခံစားချက်များစွာဟာ
ဟောင်းမသွားခဲ့ပါဘူး

ဆုံဆည်းဖို့အရေးဖြေကာတွေး
ပေးဆပ်ခြင်းနေ့များစွာမှာ
ပျော်မွေ့ရင်း ...
မနက်ဖြန်များစွာဟာ
မျှော်လင့်ခြင်းသက်သက်ပါဆိုလဲ
ပြောင်းလဲမသွားပါဘူးကွယ် ..

Thursday, April 10, 2008

ရင်ဘတ်ထဲက .. လိပ်ပြာ

Thursday, April 10, 2008 0
သူ့မြှားတချက် ရင်ခွင်မှာစူး
ရူးသွပ်ခဲ့စဉ် အခါက
ရင်ဘတ်ထဲက လိပ်ပြာလေးတောင်
အတောင်မခတ်
ငြိမ်သက်မိတယ်


မင်းရဲ့ အဆိပ်မှာပျော်ဝင်
ချိုမြိန်ခဲ့စဉ် အခါက
ရင်ဘတ်ထဲက လိပ်ပြာလေးလဲ
ဒီဆူးရင်ခွင်မှာပဲ
ကြည်နူး ကွန့်မြူးနေခဲ့တယ်

မာယာအကုန် မြှားပြန်အနှုတ်
တဆတ်ဆတ်တုန်ခါ
နာကြင်ရတဲ့ အခါ
ရင်ဘတ်ထဲက လိပ်ပြာလေးလဲ
အစွန်းရောက်အောင် ကြေကွဲ
မျက်ရည်မြစ်မှာနစ်ခဲ့ရတယ် .. ။

သံသရာဆုံးတိုင်

ခြားနေပါစေ .... ကမ္ဘာပေါင်းများစွာ
ဝေးနေပါစေ .... ဘ၀ပေါင်းများစွာ
ပေးဆပ်နေရပါစေ .... နေ့ပေါင်းများစွာ
ငါချစ်နေဦးမှာပါ ... ချစ်သူရာ

Monday, April 7, 2008

အနားလေးကပ်လို့

Monday, April 7, 2008 0
ဘယ်သူမှမကြားရ
မင်းတယောက်တည်းကိုသာ
တိုးတိတ်သံသာ
အနားနားကပ်ကာ
ချစ်စကားလေးတွေ
ပြောကြားပါရစေ ...

မိန်းမသားမို့ပါ

မင်းဘက်ကများ
ဖွင့်ပြောလေမလား
မျှော်လင့်ခဲ့ရ ငါ့ဘဝ
မောပန်းလှတယ် ..


တပါးသူလက်
မပေးရက်
စိုးရိမ်ချက်က တဖက်သတ်
စိတ်တွေတကယ် မောရတယ် ..

ရှေးရိုးစဉ်လာ
ငါစည်းထားလို့
မိန်းမသားမို့
ဖွင့်ပြောဖို့လည်း ခက်လှတယ် ...

Friday, April 4, 2008

သူမြင်သွားမလား ?

Friday, April 4, 2008 0
မင်းကိုတွေ့လိုက်ရင်
အနေအထိုင်တွေလဲ မတတ်
အိန္ဒြပျက်ကာ
ရင်ခုန်နှုန်းတွေမြင့်တက်
လေဟာနယ်ရောက်
အချစ်စိတ်တို့ကြောင့်
ခိုးခိုးကြည့်မိ
သူမြင်သွားမှာလဲ
စိုးရိမ်မိတယ် .. ။

Wednesday, April 2, 2008

နင့်ကိုချစ်တဲ့ ငါ့နှလုံးသားလေး

Wednesday, April 2, 2008 0
အလင်းစက်ကလေးတွေ
ငါ့ကိုလှုပ်နိုးတဲ့အခါ
ငါ့နှလုံးသားလေးက
မျှော်လင့်ခြင်းတွေနဲ့နိုးထခဲ့တယ်
တကယ့်ကို ငါလွမ်းတတ်ခဲ့ပြီ ..
တယောက်တည်းနင်မရှိတဲ့ အခါ
စက္ကန့်တံလေး တွေနဲ့အတူ
ငါ့စိတ်ကလေးပြေးလို့
နင့်ကိုမျှော်နေမိတယ် ..
တရွေ့ရွေ့ဝင်သွားတဲ့ နေမင်းကြီးက
ငါ့မျှော်လင့်ခြင်းတွေ အကုန်သိမ်းကြုံးလို့
နှုတ်ဆက်သွားတဲ့ အခါ
ငါ့မျက်ဝန်းလေးတွေ
တကယ်ပဲ ဆွေးခဲ့ရတယ်
အမှန်ဆိုမင်းမသိခဲ့ပါဘူး
မျှော်လင့်ခြင်းနေ့ညတွေ
အသက်ရှုသံပြင်းလို့
ငါ့ကိုယ်ငါ ငြင်းဆိုခဲ့တာလဲ
အကြိမ်ကြိမ်ပါပဲ ..
မင်းကိုမချစ်ဖို့ ငါတွေးရင်
ငါ့နှလုံးသားလေး အရမ်းငိုကြွေးနေတာ
ငါတကယ် မချော့တတ်ခဲ့တာပါ ..
ချစ်ပါ လို့ ပြောမှသူအိပ်ပျော်သွားတယ်
နင်တကယ်မသိတာလားကွယ် ..

"မင်း"လိုနေသေးလို့

နေရောင်နွေးနွေး
ကော်ဖီ မွှေးမွှေးလေးနဲ့
သာယာတဲ့ နံနက်ခင်း
ပြည့်စုံတယ်လို့ ထင်ရပေမဲ့
"မင်း"လိုနေသေးတယ်


နေမင်းရယ် လေညှင်းရယ်
သိပ်လှပတဲ့ ဆည်းဆာ
ပြည့်စုံလှတယ်လို့ ထင်ရပေမဲ့
"မင်း"လိုနေသေးတယ်

ကြယ်ရယ် လရယ်
သိပ်သာယာတဲ့ ည
ပြည့်စုံလှတယ်လို့ ထင်ရပေမဲ့
"မင်း"လိုနေသေးတယ်