Friday, June 27, 2008

တပွင့်ပန်း

Friday, June 27, 2008 3
ရင်ခုန်ခြင်းတွေ မျိုးစေ့ကျဲ
တွယ်တာခြင်းတွေ အမြစ်တွယ်လို့
ပွင့်လန်းလာတဲ့ တပွင့်ပန်း
မင်းတယောက်တည်းအတွက်ပါ
နမ်းလို့ပဲ ကြွေကြွေ
နွမ်းလို့ပဲ ဝေေ၀
ခူးလို့ပဲ ပန်ပန်
ခြွေလို့ပဲ နင်းနင်း
ချစ်ဆိပ်ပြင်းလို့ ရနံ့သင်းနေမဲ့
ထာဝရ ပန်းကလေးပါ

မျက်ရည်

လူတွေ ရဲ့စွပ်စွဲချက်
နားထဲက ပြန်မထွက်
မျက်ရည် ဆိုတာ
မိန်းမတွေရဲ့လက်နက်တဲ့
တကယ်တော့
မမြင်သာမထင်ရှားတဲ့ ဝေဒနာ
မြိုသိပ်ခြင်း များစွာနဲ့
ပြင်းရှရှ ဒဏ်ရာများစွာရဲ့
ဖြေသိမ့်ခြင်း သက်သက်ဟာ
မျက်ရည်စက်ကလေးတွေပါ ...

မင်းမှ မလိုအပ်တာ

ငါကမင်းကို ရင်မခုန်စေသူ
အသုံးမကျသူပါ ..

ငါကမင်းကို ပျော်စေချင်သူ
အမြဲ ပေးဆပ်နေမဲ့သူပါ


ငါကမင်းကို အငြိုမငြင်သူ
ထာဝရ ချစ်မဲ့သူပါ

ငါကမင်းကို မပိုင်ဆိုင်နိုင်သူ
ချစ်လျက်နဲ့ စွန့်ရသူပါ

မင်းဘ၀မှာ ငါလိုလူ
တကယ်မလို အပ်ဘူးဆို
ငါရှေ့မတိုးတော့ပါဘူး

ကျမပါ.. ကို

အမြဲ ပြုံးနေတတ်ပေမဲ့
မျက်ရည်များစွာ
ရင်ထဲမှာသာ စီးဆင်းစေ ခဲ့တာ
ကျမပါ .. ကို


အမြဲ ပျော်ပျော် နေတတ်ပေမဲ့
ဝမ်းနည်းမှုများစွာ
ရင်ထဲမှာသာ သိမ်းဆည်းထားခဲ့တာ
ကျမပါ... ကို

အမြဲပေးဆပ်နေတတ်ရင်းနဲ့ပဲ
ရယူပိုင်ဆိုင်လိုစိတ် လေးကို
ရင်ထဲမှာ သိုဝှက်ထားခဲ့တာလည်း
ကျမပါ ... ကို

အသက်ရှူသံလေးပဲဖြစ်ဖြစ်
နှလုံးခုန်သံလေးပဲ ဖြစ်ဖြစ်
အိပ်မက်လေးပဲ ဖြစ်ဖြစ်
ဘယ်အရာမှ ပိုင်ဆိုင်ခွင့်
မရတော့ဘူးဆိုရင်တောင်
မြတ်နိုးပေးဆပ်နေဦးမှာလဲ
ကျမပါပဲ .. ကို

Friday, June 20, 2008

မနေ့ကလိုပဲ

Friday, June 20, 2008 1
ရှေ့တိုးနောက်ဆုတ်
မျှော်လင့်ချက်တွေနဲ့
တနေ့ပြီးတနေ့သာ ကုန်သွားခဲ့
မနေ့ကလို သူငယ်ချင်းလေးပါပဲ


ဝန်မခံဖြစ်တဲ့ ငါ့ခံစားချက်က
ဝန်မခံရဲတဲ့ နင့်ခံစားချက်များလား
ထပ်တူမကျ ခဲ့ပါဘူးဆိုလည်း
ငါ့ဘက်က ပြောင်းလဲ မသွားပါဘူးကွယ်

အချစ်ဆိုတာ ဖွင့်ဟ၀န်ခံခြင်း ၁ခုပါလို့
ငါလက်ခံထားလည်း
အခြေအနေ တွေရယ် ပေးမလာခဲ့
ဒီဝေနာတွေ ငါမြိုသိပ်ထားဆဲပါပဲ

Tuesday, June 17, 2008

နင့်ရဲ့ဥပက္ခာ

Tuesday, June 17, 2008 0
ငါခေါ်လို့
နင်လှည့်မကြည့်တဲ့ အခါ
ငါ့မျက်ဝန်းလေး ငွေ့ရည်ဖွဲ့သွားတယ်




ငါ့ရင်ခုန်သံတွေ
မင်းမကြားတဲ့ အခါ
ငါစိတ်ဓါတ်တကယ်ကျတယ်

ငါ့ခံစားချက်တွေ
မင်းကျောခိုင်းသွားတဲ့အခါ
ငါ့နှလုံးသာက နွမ်းလျတယ်

ငါ့အိပ်မက်ထဲ
နင်ရောက်မလာတဲ့ အခါ
ငါ့အိပ်စက်ခြင်းက အဓ္ဓိပ္ပါယ်မဲ့သွားတယ်

ငါ့ဘ၀ထဲမှာ
နင်မရှိတော့တဲ့အခါ
ငါ့အသက်ရှင်ခြင်းဟာ
ကွက်လပ်တွေပဲဆိုတာ
နင်ယုံကြည်ပေးပါ

ဟိုက်ကူကဗျာလေးပါ

သူငယ်ချင်းတယောက်ရဲ့ ရင်တွင်းဖြစ်လေးပါ

ရင်ထဲက သံစဉ်
ကိုယ်ဖန်တီး မင်းအတွက်ပင်
ချစ်ဖို့ ထာဝစဉ်

ငါ့ကဲ့သို့များ

ငါ့နှလုံးသားက
မင်းကိုတမ်းတ
သတိရတဲ့အခါ
ငါစဉ်းစားမိတယ်
မင်းရောငါ့ကို
လွမ်းနေမလားလို့


မင်းစကားသံလေးပြန်ကြား
တကယ်ကြည်နူးရတဲ့အခါ
ငါတွေးမိတယ်
မင်းရော ငါ့လို
ခံစားနေသလားလို့

ရင်ခုန်တမ်းတ
ရူးသွပ်ခြင်း အပိုင်းအစ
ငါတကယ် တန်ဖိုးထားတဲ့အခါ
ငါမျှော်လင့်မိတယ်
မင်းရင်မှာ ငါ့အတွက်
တနေရာစာရှိသေးလားလို့ ပါ

ငါနင့်ကို သိပ်ချစ်တာပဲ

ရေရာတဲ့ စကားတခွန်း
သေချာစွာပဲ ငါပြောမယ်
ရင်ခုန်သံ နဲ့ ဆန္ဒ တထပ်တည်း
ငါနင့်ကို သိပ်ချစ်တာပဲ

Wednesday, June 11, 2008

ထာဝရအတွက် မင်း

Wednesday, June 11, 2008 1
ငါ့နှလုံးသားက မင်းဘေးက
အရိပ်ကလေး
မင်းနှလုံးသားက အဝေကိုငေး
လောကကြီးက မတရားဘူးလေ ။


ငါ့အပြုံးများစွာဟာ မင်းကိုပေးဆပ်
မင်းအပြုံးများစွာဟာ တပါးသူအတွက်
ကံကြမ္မာရဲ့ လှည့်ကွက်
မင်းကို အပြစ်မတင်ရက်ဘူးကွယ် ။

ကြင်နာတဲ့လက်တစ်စုံ ကမ်းလင့်
ချိုမြိန်တဲ့ အပြုံးတပွင့် ထပ်ဆင့်
နွေးထွေးတဲ့ နှလုံးသားတစ်စုံ ဖွင့်လှစ်လို့
ငါကြိုနေမယ် ...
အချိန်မရွေး နားခိုနိုင်တယ်
ဒီရင်ခွင်က ထာဝရ မင်းအတွက်ပါကွယ် .. ။

နင်သာငါ့ရဲ့မျှော်လင့်ချက်

များစွာသော အပြုံးများလဲ
ငါမစွဲမက်ခဲ့ပါဘူး ...
များစွာသော မျက်ဝန်းများလဲ
ရင်မခုန်တတ်ခဲ့ပါဘူး ...
များစွာသော နှလုံးသားလဲ
အလိုမကျခဲ့ပါဘူး ...
ကမ်းလင့်ခဲ့ လက်များစွာလဲ
မလှမ်းဖြစ်ခဲ့ပါဘူး
မင်းနဲ့ကျမှ
အပြုံးဘုရင်
နှလုံးသားရဲ့သခင်ဖြစ်
ဒီအရင်အစုံ
မင်းနဲ့ဆုံလိုက်တိုင်း
ရင်ခုန်တတ်လွန်းလို့
မကမ်းလင့်သေးတဲ့ မင်းလက်နှစ်ဖက်
မရဲတရဲ မျှော်လင့်ချက်နဲ့
အိပ်မက်မက်တတ်ခဲ့ပြီ
ချစ်သူ

အချစ်

အချစ်ဆိုတာ
လေးစားအားကျ ခြင်းနဲ့လဲ မပတ်သက်
ငွေကြေး ဂုဏ်ဒြပ်လည်းမရောယှက်တဲ့
အဖြူထည်သက်သက်ပါ
အကြောင်းပြချက် နတ္တိ
ဖြူစင်ခြင်းပကတိ
ရင်ဆိုင်ရဲတဲ့ သတ္တိတွေနဲ့
မာနတွေ ကြွေလွင့်စေတဲ့ အရာပါ
တိတ်တဆိတ်လေး ၀င်ရောက်ငြိမ်သက်
ရင်ကို လှုပ်ခပ်သွားစေတဲ့
စွမ်းဆောင်ချက် ..
ဘယ်အရာနဲ့ မဆိုယှဉ်လျက်
ရင်မှာ ထင်ရှားနေတတ်တာ
အချစ်ဆိုတဲ့ အရာ တခုတည်းပါ ...

Wednesday, June 4, 2008

ကျေးဇူးတင် ၀မ်းမြောက်ခြင်း

Wednesday, June 4, 2008 4
ဒီကဗျာလေးတွေ ကို စုစုစည်းစည်း
တင်ပြချင်ခဲ့တာ ကြာခဲ့ပါပြီ ..
ဒီလို အကောင်အထည်ဖော်နိုင်အောင်
ဒီဘလော့ကို အစအဆုံးကူညီပေးခဲ့သော
လွမ်းရဲ့ အကိုရင်း တယောက်လို ခင်မင်လေးစားရသော
ကိုသွင်မောင် အားလည်းကောင်း
အစဉ်တစိုက် အားပေးခဲ့ကြသော
သူငယ်ချင်း ပရိတ်သတ်များ အားလည်းကောင်း
အတင်းအဓ္ဓမ comment ရေးခိုင်းခြင်းကို
လိုက်လျောပေးခဲ့သော ချစ်သူငယ်ချင်းများအား လည်းကောင်း
အကြောင်းအမျိုးမျိုးကြောင့် comment မရေးနိုင်သော်လည်း
လာရောက်လည်ပတ်သွားသော သူငယ်ချင်းများ အားလည်းကောင်း
ဘလော့သို့ လာရောက်လည်ပတ်သူများအား လည်းကောင်း
လွမ်း ဆိုဒ်ကို လင့်ပေးထားသော သူငယ်ချင်း blogger များအားလည်းကောင်း
ဝေဖန်အကြံပေးခဲ့သော သူငယ်ချင်းများအားလည်းကောင်း
ဆက်လက် အားပေးဖို့ ဖိတ်ခေါ်ရင်း
ရင်ထဲက လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါကြောင်း
ဒီဘလော့လေးမှာပဲ တင်ပြခဲ့ပါတယ် ..............

(သူငယ်ချင်းများအား အစဉ်လေးစားလျက်)

Sunday, June 1, 2008

ချစ်သောမောင်

Sunday, June 1, 2008 7
ခြွေလို့တောင် မကြွေဘူးပေမဲ့
လေအဝှေ့မှာ ကြွေလင့်
မာနတွေဝပ်ဆင်း
ငြိမ်သက်ခြင်းအလျင်းနဲ့
လောကကြီးကို ခဏမေ့ရင်း
မွှေးရနံ့လေးတွေသင်းလို့
အဲ့ဒါ .. မောင့်အသက်ရှူသံ
ံပြင်းပြင်းလေးတွေကြောင့်ပါ


ပန်းကလေးတွေလည်းလှတယ်
ဆည်းဆာလည်းလှတယ်
လေညှင်းလေးတွေအေးမြတယ်
ဒုက္ခဆိုတာလည်း ချိုမြတယ်
ပျော်ရွှင်ကြည်နူးမှုဆိုတာ
မောင်ဘေးနားနေခွင့်ရချိန်လေးတွေပါ

ဘ၀ဆက်တိုင်းပန်
ထာဝရ လန်းဆန်း
ဘယ်သောအခါမှ မညှိုးနွမ်း
ဘယ်ဘက်ရင်အုံမှာပွင့်တဲ့ပန်း
ထာဝရနမ်းဖို့
တယုတယ မေဆွတ်ခူးပါရစေ
မောင့်ရင်ထဲက တပွင့်ပန်းလေ ..

မင်းနဲ့တွေ့မှ

ရယ်သွန်းသွေးပျက်
ပုံပြင် မဆန်တတ်တဲ့ငါ
အလေးမထား
အရာရာတိုင်းမှာ
ပျော်နေတတ်တဲ့ငါ
အချစ်နဲ့ ပတ်သက်
တဖက်သတ်ဖြစ်ခဲ့ရတဲ့အခါ
မင်းနဲ့ပတ်သက်
အလေးထားတတ်လာတဲ့အခါ
ငါဝမ်းနည်းဖူးပြီ
ငိုနေတတ်ပြီ
ကြေကွဲတတ်ပြီ
လွမ်းတတ်ခဲ့ပြီ ....