Wednesday, February 24, 2010

ဝေဒနာညလေး ဖန်ဆင်းသွား

Wednesday, February 24, 2010
အဲ့ဒီညက ပေါ့
ကြယ်ကလေး တွေ ထိုင်ငေး
ငါ့အတွေးတွေ ရင်မဆန့်ခဲ့ဘူး

ဆူးနစ်နေခဲ့ရတဲ့
ငါ့ရင်တခုလုံး
နာကျင်မှုတွေ ဖုံးလို့နေသေးတယ် ။

ဝမ်းနည်းမှုတွေ
ဖိတ်လျှံထွက်နေပုံများ
ကြယ်လေးတွေ တောင်မျက်တောင် မခတ်ဝံ့ဘူး

တကယ်တော့ ငါဟာ
သစ်ရွက်ကလေး တစ်ရွက် ဖြစ်နေတောင်
နွေမှာပဲ ကြွေခွင့်ရခဲ့တာ
ဆောင်းမှာ ပြန်ဝေခွင့်မရခဲ့ဘူး

နင်ပျော်မယ်ဆို
ငါ့မျက်ရည်တွေ လည်း ငါအလျော်အစား ပေးမယ်
ငါ့နှလုံးသားကိုလည်း ငါကပ်စေးမနဲဘူး

ငါ့ရှင်သန်ခြင်းကို
နင့်မျက်ဝန်းစိမ်းစိမ်းတွေ နဲ့
နင်ရုပ်သိမ်းခဲ့ပြန်ပြီလား ချစ်သူ

နင်မရှိတဲ့ ငါ့ကောင်းကင်က ဘယ်တော့မှ
လသာမှာ မဟုတ်ဘူး

ပြန်ပြန်မှောင်သွားရမယ့် ရက်တွေ အတွက်
ငါအလင်း ကို မမက်ချင်တော့ဘူး
ခုတော့ ငါ့မျက်ဝန်းတောင် ငါက
သနားခွင့်မရသူ ပါ။

ငါ့အချစ်သက်သက်က
နင့်အတွက် အဆိပ်တစ်ခွက် မဖြစ်စေရပါဘူး
နင်မပေးတဲ့ အရာတွေ အတွက်
ဝေးဝေးကတော့ ငါလွမ်းနေပါရစေ

ရင်မှာ အနေခက်အောင်
နင့်ကို တပ်မက်မိလည်း
နင်က ကျောခိုင်းနေတတ်တုန်းပဲ မဟုတ်လား

နင့်မာနက ငါ့ကို ပြုံးပြ တဲ့အခါ
ငါ့မာနက မျက်ရည်ကျတယ်
ဒီလိုနဲ့ ငါ့ဘ၀က ထိရှလွယ်ခဲ့ပေါ့

နင့်စကားလုံးတွေ နဲ့
ငါ့နှလုံးသားကို မရိုက်ခွဲပါနဲ့
နင့်ကိုချစ်တဲ့ ငါ့နှလုံးသားကို
တယုတယ သိမ်းထားချင်သေးလို့ပါ

ငါ့ကိုမရက်စက်ပါနဲ့လို့ လည်း
ငါနင့်ကို မကန့်သတ်ပါဘူး
ငါ့မျက်ရည်တွေကလည်း ဘောင်ခတ်မရခဲ့ဘူး

သူငယ်ချင်းဆိုတဲ့ သံရောဇဉ်ကို
အရောင်ဆိုးတယ်လို့ နင်မြင်တတ်ခဲ့ရင်
ငါထပ်ဆိုးလိုက်တာ
အဖြူရောင်ပါပဲ
နင့်မျက်ဝန်းမှာ မတောက်လောင်ပါနဲ့ ။

ငါ့အချစ်က မီးတစ်စ ဆိုရင်တောင်
နင့်ရင်မှာ ပြာမကျစေရဘူး

ငါ့အလွမ်းတွေ ယောက်ယက်ခပ်မှုကြောင့်
မင်းအနှောက်အယှက် ဖြစ်ရတယ်ဆို
ငါ့တာင်းပန်မှုတွေ မင်းရှေ့မှာ ဒူးထောက်မှာပါ

ဆောက်တည်ရာမရတဲ့ ငါ့အချစ်တွေ
တိမ်ကလေးတွေလို ပြေးနေရပေမဲ့
နင့်ကောင်းကင်ထဲက နေ ထွက်မပြေးခဲ့ပါဘူး

နင်ပေးအပ်ခဲ့တဲ့ ဝေဒနာ ည
ငါ့နှလုံးသား မှာ တယုတယ သိမ်းဆည်းထားတယ်

ခွင့်လွှတ်ပေးပါ
ငါ့မနက်ဖန်တွေမှာတော့ နင့်ကို သိပ်ချစ်ကြောင်း
ကဗျည်းထိုးနေဦးမှာပဲ .... ။

နင့်ကို မုန်းမဲ့ နှလုံးသားတစ်စုံကို တော့
ငါ့ကိုယ်တိုင် မြေမြှုပ်ပစ်ခဲ့ပြီးပြီ ... ။

နင့်အသက်ရှူသံတွေ နဲ့ ငါမျက်တောင်ခပ်နေမှာပါ .... ။
ချစ်သူရယ် ... ။

11း 49 pm
20.2.10 ( Sunday )

7 comments:

Unknown said...

တော်တော် ဆိုးဆိုးပဲနော် .ရိုးရိုး ညတောင် ပူလို့ အိမ် မပျော်တာ. ဝေဒနာညလေး ဆိုတော့ တော်တော်ခံစားရခက်မယ်..

Unknown said...

အဲ့လို...

ညတွေသိပ်မရှိပါစေနဲ့....

ချစ်အိမ်ငယ် said...

စိတ်ညစ်ရတဲ့ ကြားထဲ နင်က တမျိုး

@ မို့

ပေးတဲ့ ဆုနဲ့ ပြည့်စေ

Unknown said...

ညတိုင်းမှာ အိမ်မက်လှလှမက်ပါစေနော်။။အိမ်မက်ဆိုးတွေမှ ထာဝရဝေးပါစေ မကြီးဆောင်းး

Unknown said...

ဝေဒနာညလေးကို ပျော်ရွှင်စရာညလေးအဖြစ်
မြန်မြန်လေး ပြောင်းလဲနိုင်ပါစေနော်.

ချစ်အိမ်ငယ် said...

ဆုတောင်းတွေ ကောင်းပေမဲ့ ဘယ်အရာက နှောင်းခဲ့ပါလိမ့် မသိတော့ဝူး

Unknown said...

ငါတခုတခုပြောချင်တယ်ဆို ဘာပြောချင်လည်းနင်သိမှာပါနော်