Wednesday, February 24, 2010

မာနတစ်ခု ကောက်ရခဲ့သည် ။

Wednesday, February 24, 2010 11
သတိရစိတ်တွေ နဲ့
ငါမပျော်ဘူး
နင် မရက်လျော တဲ့ အချစ်တစ်ခု
ငါဘာကြောင့် မျှော်နေမိပါလိမ့်

မေတ္တာမှန် ရောင်ပြန်ဟပ်တယ်ဆိုတဲ့
နှစ်သိမ့် စကားကြားမှာ
နင့်အမိန့်တွေ ငါ နာခံတတ်နေတုန်းပဲ

နင်မလှူချင်တဲ့ နှလုံးသားတစ်စုံ
ယူချင်နေကတည်းက
ငါက ဝေဒနာနဲ့ လူဖြစ်ခဲ့ရတာ

ရင်ခုန်သံစည်းချက်တွေ သာ
ပျံတတ်တဲ့ ငှက်ငယ်လေး တစ်ကောင်ဆို
အတောင်တွေ ညောင်းနေလောက်ပြီ ... ။

နှလုံးသားရဲ့ ပဲ့တင်သံတွေက
ငါ့ဦးနှောက်ရဲ့ အတွေးတွေကို
ချွေးထွက် စေခဲ့တယ် .. ။

စုံလုံးကန်းသွားအောင်
ငါ့မျက်ဝန်းတွေကို
မင်းလက်ချောင်း ကလေးတွေ နဲ့
ပိတ်ခဲ့ပေမဲ့
ငါ့မျက်ရည်စက်ကလေးတွေ ကိုတော့
မင်းလက်နဲ့ ဘာကြောင့်သပ်မပေးခဲ့တာလဲ

ငါ့နှလုံးသားကို ငါနက်နေအောင်
တူးရက်ခဲ့တဲ့ လက်နက်က
မာနတွေ တဖျက်ဖျက်လက်နေတဲ့
မင်းမျက်ဝန်းနက်နက်ကလေး တွေပဲ

မငဲ့ကွက်တတ်တဲ့ နင့်မဲ့ပြုံးတွေကြောင့်
ငါ့မျက်ဝန်းတွေ အကြိမ်ကြိမ် ရှူံးရပါတယ်

နင့်မာနတွေ နင်ကအရောင်တင်လေ
မြတ်နိုးမှု မိုင်တန်မြင့်လေ
နင့်ကို ချစ်ဖို့ ငါ မတွေဝေခဲ့မိဘူး

အလွမ်းပုံရိပ်တွေက
အမှတ်တမဲ့ နဲ့ သက်ဝင်လှုပ်ရှားလာခဲ့တာမဟုတ်ဘူး
ဒီလိုနဲ့ ညတွေ ကကျိုးပျက်ခဲ့ပေါ့

အချစ်နဲ့ ဘ၀ကြားက
ခါးသက်စရာ ရွေးချယ်မှုတွေ
တခဏတာ မဟုတ်ဘူး
တဘ၀စာ လျစ်လျူရှုပြုထားပါရစေ ...

နင့်အပြုံးတွေ ငါ့နှလုံးသားမှာ
ပန်းချီရေးထားတယ်
ပြီးတော့ နင့်မာနတွေ နဲ့ ဘောင်ခပ်ထားတယ်
မြတ်မြတ်နိုးနိုးသိမ်းဆည်း ဖို့ဝန်မလေးခဲ့ဘူး

နင့်မာနနဲ့ အပြုံးထပ်တူကျခဲ့တဲ့ညက
ငါ့ကောင်းကင်က ကြယ်တွေ အားလုံး
ကြွေကျခဲ့တယ် ... ။

ဘယ်တော့မှ ကြွေမကျမဲ့ နင့်မာ နက
ငါ့ကောင်းကင်မှာ လင်းလက်နေခဲ့တယ် ။

ဒါမဲ့လည်း
မော့ကြည့်လိုက်တိုင်း
ကောင်းကင်ကြီးက လှပနေတုန်းပဲ ... ။

နင်ပျိုးခဲ့တဲ့ မာနကို
ငါဘယ်တော့မှာ အလဲ ထိုးမှာ မဟုတ်ဘူး

နင်အမုန်းပေးရက်လည်း ငါရှုံးလျက်ပဲ
နင်အရှုံးပေးရက်လည်း ငါပြုံးလျက်ပဲ

နင်လက်ကလေး နဲ့ ပေးရက်ခဲ့တာ
ဝေဒနာသက်သက် ဆိုလည်း
ရင်မှာ ဘယ်လောက်အနေခက်ခက်
ငါမြတ်နိုးလျက်ပါပဲ .. ချစ်သူ !

18.2.10
11း 50 pm ( thursday )

ဝေဒနာညလေး ဖန်ဆင်းသွား

အဲ့ဒီညက ပေါ့
ကြယ်ကလေး တွေ ထိုင်ငေး
ငါ့အတွေးတွေ ရင်မဆန့်ခဲ့ဘူး

ဆူးနစ်နေခဲ့ရတဲ့
ငါ့ရင်တခုလုံး
နာကျင်မှုတွေ ဖုံးလို့နေသေးတယ် ။

ဝမ်းနည်းမှုတွေ
ဖိတ်လျှံထွက်နေပုံများ
ကြယ်လေးတွေ တောင်မျက်တောင် မခတ်ဝံ့ဘူး

တကယ်တော့ ငါဟာ
သစ်ရွက်ကလေး တစ်ရွက် ဖြစ်နေတောင်
နွေမှာပဲ ကြွေခွင့်ရခဲ့တာ
ဆောင်းမှာ ပြန်ဝေခွင့်မရခဲ့ဘူး

နင်ပျော်မယ်ဆို
ငါ့မျက်ရည်တွေ လည်း ငါအလျော်အစား ပေးမယ်
ငါ့နှလုံးသားကိုလည်း ငါကပ်စေးမနဲဘူး

ငါ့ရှင်သန်ခြင်းကို
နင့်မျက်ဝန်းစိမ်းစိမ်းတွေ နဲ့
နင်ရုပ်သိမ်းခဲ့ပြန်ပြီလား ချစ်သူ

နင်မရှိတဲ့ ငါ့ကောင်းကင်က ဘယ်တော့မှ
လသာမှာ မဟုတ်ဘူး

ပြန်ပြန်မှောင်သွားရမယ့် ရက်တွေ အတွက်
ငါအလင်း ကို မမက်ချင်တော့ဘူး
ခုတော့ ငါ့မျက်ဝန်းတောင် ငါက
သနားခွင့်မရသူ ပါ။

ငါ့အချစ်သက်သက်က
နင့်အတွက် အဆိပ်တစ်ခွက် မဖြစ်စေရပါဘူး
နင်မပေးတဲ့ အရာတွေ အတွက်
ဝေးဝေးကတော့ ငါလွမ်းနေပါရစေ

ရင်မှာ အနေခက်အောင်
နင့်ကို တပ်မက်မိလည်း
နင်က ကျောခိုင်းနေတတ်တုန်းပဲ မဟုတ်လား

နင့်မာနက ငါ့ကို ပြုံးပြ တဲ့အခါ
ငါ့မာနက မျက်ရည်ကျတယ်
ဒီလိုနဲ့ ငါ့ဘ၀က ထိရှလွယ်ခဲ့ပေါ့

နင့်စကားလုံးတွေ နဲ့
ငါ့နှလုံးသားကို မရိုက်ခွဲပါနဲ့
နင့်ကိုချစ်တဲ့ ငါ့နှလုံးသားကို
တယုတယ သိမ်းထားချင်သေးလို့ပါ

ငါ့ကိုမရက်စက်ပါနဲ့လို့ လည်း
ငါနင့်ကို မကန့်သတ်ပါဘူး
ငါ့မျက်ရည်တွေကလည်း ဘောင်ခတ်မရခဲ့ဘူး

သူငယ်ချင်းဆိုတဲ့ သံရောဇဉ်ကို
အရောင်ဆိုးတယ်လို့ နင်မြင်တတ်ခဲ့ရင်
ငါထပ်ဆိုးလိုက်တာ
အဖြူရောင်ပါပဲ
နင့်မျက်ဝန်းမှာ မတောက်လောင်ပါနဲ့ ။

ငါ့အချစ်က မီးတစ်စ ဆိုရင်တောင်
နင့်ရင်မှာ ပြာမကျစေရဘူး

ငါ့အလွမ်းတွေ ယောက်ယက်ခပ်မှုကြောင့်
မင်းအနှောက်အယှက် ဖြစ်ရတယ်ဆို
ငါ့တာင်းပန်မှုတွေ မင်းရှေ့မှာ ဒူးထောက်မှာပါ

ဆောက်တည်ရာမရတဲ့ ငါ့အချစ်တွေ
တိမ်ကလေးတွေလို ပြေးနေရပေမဲ့
နင့်ကောင်းကင်ထဲက နေ ထွက်မပြေးခဲ့ပါဘူး

နင်ပေးအပ်ခဲ့တဲ့ ဝေဒနာ ည
ငါ့နှလုံးသား မှာ တယုတယ သိမ်းဆည်းထားတယ်

ခွင့်လွှတ်ပေးပါ
ငါ့မနက်ဖန်တွေမှာတော့ နင့်ကို သိပ်ချစ်ကြောင်း
ကဗျည်းထိုးနေဦးမှာပဲ .... ။

နင့်ကို မုန်းမဲ့ နှလုံးသားတစ်စုံကို တော့
ငါ့ကိုယ်တိုင် မြေမြှုပ်ပစ်ခဲ့ပြီးပြီ ... ။

နင့်အသက်ရှူသံတွေ နဲ့ ငါမျက်တောင်ခပ်နေမှာပါ .... ။
ချစ်သူရယ် ... ။

11း 49 pm
20.2.10 ( Sunday )

အလွမ်းည

ကြွေဆင်းနေတဲ့ နှင်းစက်ကလေးတွေက
အလွမ်းတွေကို ဖန်ပေးနေပါလား ?

ကြယ်လေးတွေလည်း မငေးဖြစ်ပါဘူး
ရင်ထဲက အငွေ့အသက်တွေကို
သူလည်း လှည်းကျင်းမပေးနိုင်ဘူး

ချစ်သူ
ငါ့စိတ်ကူးတွေက နင့်အပြုံးတွေကြောင့်
တနေ့တခြား ထူးခြားလာတယ်
ငါဘာလို့ နင့်ကို အရူးအမူး ချစ်ခဲ့ရတာလဲ ?

အတွေးတွေ နဲ့ ဖြတ်ခဲ့တဲ့ည
အနွေးဓာတ်က မလုံလောက်ခဲ့ပါဘူး
ပြန်တွေး .. ပြန်ဆွေး
ခပ်ရေးရေးတောင် မမေ့အားဘူး

မိုးလင်းဖို့ ကြာလှပေါ့
အလွမ်းတွေ နဲ့ ဆော့ရတာ ငါမောနေပြီ

ငါ့စိတ်တွေက ဒယီးဒယိုင်
နင့်ကြောင့် ခြေမခိုင်တော့ဘူး
နင် မမြင်နိုင်တော့ဘူးလား

ငါ့မျက်ဝန်းတွေ တူးဖော်ဖို့မလိုပါဘူး
ငါ့အပြုံးတွေ က နင့်ကို အရှုံးပေးပြီးသား
ငါ့နှလုံးသားကို နင်တကူးတက ဖတ်စရာမလိုပါဘူး
ငါ့ချစ်စိတ်က နင့်အရိပ်မှာ အိပ်စက်ချင်တာ
နင်သိပြီးသားပါ .. ။

ကမ်းလင့်နေတာ သိရက်နဲ့
နင်ဘာကြောင့် မလှမ်းဝံ့တာလဲ
ဒီအတွေး ဂယက် နဲ့
ငါ ညဥ့်နက်ခဲ့ရတယ်

ငါ့အလွမ်းညတွေ နင့်လက်ကလေး နဲ့
လာဝှက်ပေးပါလား
ငါ့အိပ်မက်ကို နင့်အပြုံးလေးတွေနဲ့
ဖန်ဆင်းပေးပါလား

ငါကံကြမ္မာကို တိုးလျှိုး တောင်းဆိုမိတယ်
ငါ့မျက်ဝန်းကို ငါမငဲ့နိုင်ပုံများ
အလွမ်းဆူးတွေက မျက်ရည်လူးသွားတာပဲ

ဒီလိုနဲ့ ငါ့အိပ်မက်တွေ ပျက်သုန်းခဲ့ရပေါ့ ချစ်သူ

2 :00 am
17.1.10
( Sunday)

ရင်ဝှက်ပန်း

မှန်းမျှော်စိတ်ကူး
အလွမ်းထူး
ဆုံဖူး နေ့ရက်များ ။

ဝေးခဲ့နေ့စွဲ
ဆွေးနေမြဲ
ရင်ထဲ မမေ့အား ။

ထပ်ဆုံနိုင်နိုး
ကိုယ်မျှော်ကိုး
လက်ချိုး ရေလျက်သား ။

သူမသိဘူး
ဒီစိတ်ရူး
ချစ်ဖူး ခဲ့သည်များ ။

ဝေးမနေချင်
သူ့ရင်ခွင်
ခိုဝင် ပိုင်ချင်သား ။

ရိုကျိုး မြတ်နိုး
တိတ်တခိုး
ချစ်နိုး ကိုယ်စောင့်စား ။

10 : 30 pm
6.12.09
( Sunday )

အမှတ်တရ ဗျာပါဒ

သခင်လာဖူး ၊ ကြည်နူးခိုက်တံ့
ရင်မဆန့်ဘူး

သခင်ပြုံးခိုက် ၊ ရင်လှိုက်သက်မော
ပျော်ဝင်မျောခဲ့

သခင့်စကား ၊ ထားဝှက်မြတ်နိုး
တိတ်တခိုးပဲ

သခင်ပြန်သွား ၊ ကွက်လပ်များစွာ
ရင်ကြားမှာပွေ့

နုမြစ်ထုံသင်း ၊ ဒီအဆင်းပန်း
အလွမ်းနဲ့နွမ်း

လွမ်းဆွေးပုံရိပ် ၊ အအိပ်ခက်တယ်
အိပ်မက်ပျောက်တဲ့ လွမ်းညဆိုး ........ ။

7:00 pm
6.12.09
(Sunday)